ရုန်းထွက်နိုင်ဖို့ ကြိုးစားပါ



++++++++++++++++++
ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့ အခါ ဖြစ်တဲ့ နေရာမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ် လို့ လူတွေပြောလေ့ရှိကြတဲ့ စကားတစ်ခွန်းရှိပါတယ် … တကယ်တော့ ဒီစကားဟာ ထင်သလောက်တော့ မလွယ်ပါဘူး၊ မလုပ်ချင်တဲ့ကိစ္စတစ်ခုကို အကောင်းဆုံးဖြစ်အောင် လုပ်ဖို့ဆိုတာ ရိုးရိုးလေး စဉ်းစားကြည့်ပါ။ ကိုယ်မလုပ်ချင်တဲ့ ကိစ္စဆိုရင် သေးသေးလေးက အစ ကြာရှည်မလုပ်ချင်တတ်ကြတာ သဘာဝပါ … တကယ်လို့ မလုပ်မဖြစ်လို့ လုပ်ရတယ်ဆိုရင်လည်း တာဝန်ကျေရုံလောက်ပဲ အာရုံစိုက်ကြပါတယ် … ။ ဒါကြောင့် ဖြစ်နေတဲ့နေရာမှာ အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ ဆိုတာ အပြောလွယ်သလောက် အလုပ်ခက် ပါတယ်။
Julio Mellara က Do You Have Time for SUCCESS? စာအုပ်ထဲမှာ ပြောထားတဲ့ စကား တစ်ခွန်းကို အရမ်းကြိုက်ပါတယ် … ဒီဆောင်းပါးနဲ့လည်း ဆက်စပ်နေပါတယ် … ။ “No one ever drowns because they fall in the water. They drown because they stay in the water.” “ဘယ်သူမှ အမြဲတမ်း ရေနစ်မနေပါဘူး … ရေနစ်နေတဲ့သူတွေကလည်း ရေထဲမှာ နေလို့ပါ” လို့ Julio Mellara က ပြောပါတယ်။ တစ်ခါ တစ်လေ လုပ်တော့ လုပ်နေကြတယ် … ဘာမှ ပြောင်းလဲမလာဘူး … တိုးတက် မလာဘူး .. လို့ခံစားနေရ တဲ့အခါ ဘာကြောင့်ဒီနေရာမှာ ဆက်နေတာလဲ … ဆိုတာကို စဉ်းစားကြည့်ဖို့ လိုပါတယ် … ရုန်းထွက်နိုင်ဖို့ ကြိုးစားကြရပါလိမ့်မယ် … ။ ဘာကြောင့် ရုန်းမထွက်နိုင်တာလဲ … ? ဖြစ်နိုင်တာတစ်ခုက ရုန်းထွက်နိုင်တဲ့ အင်အား တနည်းပြောရင် အရည်အချင်းမရှိလို့လည်း ဖြစ်နိုင်ပါတယ် … နောက်တစ်ခုက comfort zone လို့ပြောနိုင်တဲ့ သက်တောင့်သက်တာ နေရတာကို သာယာနေမိ လို့လည်း ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက တက်လမ်းတော့ မရှိဘူး … ဒါပေမယ့် ဒီမှာလုပ်နေရတာက သက်တောင့် သက်တာဖြစ်တယ် … ဟိုဘက်ရွေ့လိုက် ဒီဘက်ရွေ့လိုက်နဲ့ အချိန်ဆွဲရင်း လကုန်ရင် လစာ ထုတ်လို့ရတယ် … ဆိုတာမျိုးပါ။ မိသားစုထဲမှာလည်း ဒါမျိုးတွေ ဖြစ်နိုင်ပါတယ် … တစ်ချို့ဆို အသက်ကြီး နေပြီ ဘာမှဟုတ်တိပတ်တိ မလုပ်သေးတာမျိုးတွေ တွေ့ဖူးကြမှာပါ။ ဒါမျိုးက comfort zone မှာ သာယာ နေတာပါ … ကိုယ်စွမ်းကိုယ်စနဲ့ ကြိုးစားဖို့ တွေးလိုက်ရင် ပင်ပန်းမှာ အခက်အခဲတွေ တွေ့မှာကို မရင် ဆိုင်ချင်တာပါ။ ဒါက ထားလိုက်ပါတော့ အလုပ်နဲ့ပတ်သက်တာ ဆက်ပြောပါမယ်။
အလုပ်တစ်ခုကိုလုပ်တဲ့အခါ ကိုယ့်အတွက် … တနည်းပြောရင် အနာဂတ်အတွက် … ရေရှည် အတွက် ဘာတွေအကျိုးရှိမလဲ … ဘယ်လိုအကျိုးရှိမလဲ .. ဘယ်လောက် အကျိုးရှိလဲ … ဒါကို ထည့်သွင်း စဉ်းစားဖို့လိုပါတယ် … ။ စာရေးသူကတော့ စံနှုန်း ၃-ခု ထားပါတယ် … ပထမတစ်ချက်က ပညာပါ … ဒီအလုပ်မှာ ကိုယ်ကလုပ်နေတဲ့အချိန်မှာ လစာမကောင်းပေမယ့် နောင်တစ်ချိန်မှာ ကိုယ်တိုင် အသက်မွေး ဝမ်းကြောင်းပြုနိုင်တဲ့ ပညာရပ်တစ်ခုခု ရမယ် ဆိုရင် ဒီအလုပ်ကို ရေရှည် လုပ်ထိုက်ပါတယ်။ ဒုတိယ တစ်ချက်က ဝင်ငွေပါ … ကိုယ့်အတွက် စုမိဆောင်းမိနိုင်တဲ့ ဝင်ငွေရမယ် … တစ်ချိန်မှာ ကိုယ်ပိုင်လုပ်ငန်း လေးတစ်ခုလောက် စတင် နိုင်မယ့်ဝင်ငွေမျိုး ရနိုင်တယ်ဆိုရင်လည်း လုပ်ထိုက်ပါတယ် … (စာရေးသူတို့ နိုင်ငံရဲ့ လစာနှုန်းထားနဲ့တော့ ဒီအချက်ကို ထောက်ပံ့ပေးနိုင်တဲ့ အလုပ်မျိုးက ရှိတော့ရှိတယ် ရှားတယ် ဆိုတဲ့ အုပ်စုထဲမှာ ပါဝင်လိမ့်မယ် ထင်ပါတယ်)။ တတိယတစ်ချက်က အခြားခံစားခွင့်ပါ … လစာသိပ် မကောင်းပေမယ့် ရှေရှည်မှာ နေရာ/ထိုင်ခင်း စီစဉ်ပေးတာမျိုး …. ကျန်မာရေး စောင့်ရှောက်မှုပေးတာမျိုး စတဲ့ ကိစ္စမျိုးတွေ ကောင်းတယ် ဆိုရင်လည်း ရေရှည် လုပ်ထိုက်ပါတယ် ။ ကိုယ်လုပ်နေတဲ့ အလုပ်က အဲဒီအချက် ၃-ချက်မှာ တစ်ချက်မှ မကိုက်ညီဘူး ဆိုရင်တော့ ရုန်းထွက်ဖို့ ကြိုးစားရပါတော့မယ်။
ဒါကို မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက မင်္ဂလသုတ်မှာ ဟောကြားတော်မူထားပါတယ် … “ပတိရူပ ဒေသ၀ါသော စ၊ ပုဗ္ဗေ စ ကတ ပုညတာ။ အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလ မုတ္တမံ။” “ကုသိုလ် ပညာ ဥစ္စာရဖို့ သင့်ရာ ဒေသ အမြဲနေ” အစချီတဲ့ မင်္ဂလာကဗျာလေးကို သိကြပြီးသားပါ … လက်တွေ့ကျင့်သုံး ကြဖို့ အရေးကြီးပါတယ်။ ဒီလိုရုန်းထွက်ဖို့ ကြိုးစားတဲ့အခါ … ဘာတွေရင်ဆိုင်ရနိုင်လဲ … ဘာတွေဆုံးရှုံးနိုင်လဲ …. ဒါတွေကိုလည်း ထည့်သွင်းတွက်ချက်ဖို့ လိုပါတယ် … ။ အဲဒီလို ရုန်းထွက်ဖို့ ကြိုးစား တဲ့အခါ တစ်ချို့တွေက ကိုယ့်မှာ ရုန်းထွက်နိုင်တဲ့ အရည်အချင်းမရှိတာ မဟုတ်ဘဲ ကိုယ့်ကိုယ်ကို မယုံမရဲ ဖြစ်နေတာမျိုးတွေလည်း ရှိတတ်ပါတယ် … နောက်တစ်ချက်က ဒီအလုပ်ကထွက်လိုက်ရင် ကြုံလာမယ့် risk ကို စိုးရိမ်ကြောင့်ကြတာလည်း ပါပါတယ်။ အဲဒီ risk ကို စိုးရိမ်ကြောင့်ကြနေတယ် ဆိုတာကိုက comfort zone ကို သာယာနေတာလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။ risk ကို ကျော်ဖြတ်နိုင်ဖို့အတွက် ကိုယ့်ရဲ့ အရည်အချင်းက ဘာတွေလိုအပ်လဲ …. အချိန်ဘယ်လောက် ယူဖို့လိုအပ်လဲ … ဒါတွေကို ထည့်သွင်းတွက်ချက်ဖို့ လိုပါတယ် … ။
အရည်အချင်းဖြည့်ဖို့အတွက် လက်ရှိအလုပ်ထဲကပဲ … အချိန်ယူမလား … အလုပ်ကို တစ်ခါတည်းထွက်ပြီး အချိန်အပြည့်အဝ ယူမလား ဒါတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုပါတယ် … ။ risk အတွက် စဉ်းစားတွက်ချက်ပြီးရင် နောက်ထပ် ဆက်လုပ်မယ့် အလုပ်အတွက် ဆက်ပြီး အစီအစဉ်ချဖို့လိုပါတယ် … ဘယ်လိုအလုပ်မျိုးကို လုပ်ချင်တာလဲ … ဘာကို လိုချင်တာလဲ … ဘာကြောင့်လိုချင်တာလဲ … ဘယ်လောက်လိုချင်တာလဲ … ဘယ်အချိန်မှာ လိုချင်တာလဲ … ဒီအကြောင်းတွေ ဆက်တွေးကြည့်ပါ … သေသေချာချာ သိပြီဆိုရင် အသေးစိတ် အစီအစဉ် ချမှတ်ပါ … ။
ဒါတွေအာလုံး စဉ်းစား တွက်ချက်၊ အစီအစဉ်ချပြီးသွားတဲ့ အခါ … အထက်မှာပြောခဲ့တဲ့ အချက် ၃-ချက်မှာ တစ်ချက်မှ မကိုက်ညီဘူးဆိုရင် … ဘုရားဟောဒေသနာတော်နဲ့လည်း မကိုက်ညီတဲ့ “ပတိရူပ ဒေသ၀ါသော စ၊” မဟုတ်တဲ့အခါ …. ရုန်းထွက်နိုင်ဖို့ ကြိုးစားပါလို့ တိုက်တွန်းလိုက်ပါတယ် … ။
မေတ္တာဖြင့်
အောင်ကိုဦး(UMK)
Be The Best !
***********************************************************************
ဒုတိယမြောက် စာအုပ် "အားရှိတဲ့ အချိန်မှာ ခုန်လိုက်ပါ" မှ စာစု တစ်ခုပါ


Credit to Aung Ko Oo - UMK

Source => https://www.facebook.com/aungkouumk/posts/833023893491067:0


ကျေးဇူးတင်ပါတယ်။
Be Positive!
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment