အပြန်အလှန် နားလည်ယုံကြည်မှု


လူဆိုတာ အသိုင်းအဝိုင်းနဲ့ နေတဲ့ သတ္တဝါတွေပါ၊ အင်္ဂလိပ်ကလည်း Man is social animal. လိုဆိုပါတယ်။ အသိုင်းအဝိုင်းနဲ့ နေကြရတာဖြစ်တဲ့အတွက် ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ လိုက်လျော ညီထွေ ဖြစ်အောင်နေတတ်ဖို့လိုပါတယ်။ တစ်ယောက်ကို တစ်ယောက် အဆင်ပြေပြေ ဆက်ဆံနိုင်ကြဖို့ ဆိုရင် အပြန်အလှန်နားလည်မှု ဟာမရှိမဖြစ်အရေးကြီးပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် နားလည်ဖို့ ဆိုရင် တစ်ယောက်ကို တစ်ယောက် အပြစ်မမြင်ဖို့ လိုပါတယ်။ တစ်ယောက်ကို တစ်ယောက် အပြစ်မမြင်ဖို့ ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ အဓိက ကတော့ ကိုယ့်ရဲ့ စိတ်ပါပဲ။ ကိုယ်စိတ်က အပြစ်မြင်ချင်နေရင် သူ့အလိုလို အပြစ်မြင်တတ်ပါတယ်၊ ကိုယ်က အပြစ်မမြင်ချင်တဲ့သူကျ ပြန်တော့လည်း ဘာလုပ်လုပ် အကောင်းထင်နေတယ်၊ တကယ်တော့ အဲဒါဟာ လူမှုဆက်ဆံရေးမှာ ကောင်းတဲ့ လက္ခဏာတစ်ခုတော့ မဟုတ်ပါဘူး။
No man is perfect. ဆိုတဲ့ စကားလိုပဲ လူတိုင်းဟာ အရာအားလုံး ပြည့်စုံကောင်းမွန်နေဖို့ ဆိုတာ မလွယ်ပါဘူး။ စာရေးသူလည်း အလုံးစုံ မကောင်းနိုင်ပါဘူး၊ လူတစ်ယောက်မှာ ကောင်းတဲ့ စိတ်လည်း ရှိသလို၊ မကောင်းတဲ့စိတ်လည်း ရှိကြတာပါပဲ။ မကောင်းတဲ့စိတ်တွေ အားလုံးကင်းစင်သွားရင် လောကီ လူ့ဘောင် မှာနေဖို့မလိုတော့ပါဘူး။ ရဟန္တာဖြစ်နေပါပြီ။ ကောင်းတဲ့စိတ်တွေများသွားရင် လူကောင်းဖြစ်ပြီး တော့ မကောင်းတဲ့စိတ်တွေများ နေရင်တော့ လူဆိုးဖြစ်မှာပါ။ ဒီလိုပဲ လူတိုင်းမှာ အားနည်းချက်၊ အားသာချက် ကိုယ်စီရှိကြပါတယ်။ အဲဒါကို ဖြည့်ပြီးနားလည်တတ်ဖို့ လိုပါတယ်။ အဲဒီလိုမှ မဟုတ်ရင် တစ်ခုခု လုပ်လိုက်လို့ လွဲချော်သွားတိုင်း အပြစ်မြင်ပြီး အပြစ်တင်နေကြမယ်ဆိုရင် အေးချမ်းသာယာတဲ့ လူမှုအဖွဲ့အစည်းတစ်ခုကို တည်ဆောက်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။ တစ်ခုခု လွဲချော်သွားတယ်၊ မှားယွင်းသွား တယ် ဆိုရင် သူရဲ့ အကြောင်းရင်းကို လေ့လာဆန်းစစ်ကြည့်ဖို့လိုပါတယ်။ လောကကြီးမှာ အကြောင်း တရား ကင်းသော အကျိုးတရားမရှိပါဘူး။ အကြောင်းရှိလို့ အကျိုးဖြစ်လာတာပါ။ သူရဲ့ လွဲချော်မှု၊ လွဲမှားမှု တစ်စုံတရာဟာ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်လိုက်တာလား … ? မရည်ရွယ်ဘဲ ဖြစ်သွားတာလား … ? ဒါကို သုံးသပ်ဖို့ လိုပါလိမ့်မယ်။ အဲဒီလို မသုံးသပ်ဘဲ ကိုယ့်ရဲ့အမြင်တစ်ခုတည်းနဲ့ တစ်ဖက်သတ်ဆုံးဖြစ် လိုက်မယ်ဆိုရင် မလိုလားအပ်တဲ့ အကျိုးဆက်တွေ၊ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
ငြိမ်းချမ်းတဲ့ လူမှုအဖွဲ့အစည်းကို တည်ဆောက်ဖို့အတွက်၊ ကိုယ်ရည်ကိုယ်သွေး ပြည့်ဝတဲ့ အောင်မြင်တဲ့ လူသားရင်းမြစ်တွေ ပေါ်ထွန်းလာဖို့ဆိုရင် ယုံကြည်မှုပေးဖို့ လိုပါတယ်။ တစ်ယောက်ကို တစ်ယောက် ယုံကြည်မှုမပေးထားရင်၊ ယုံကြည်မှုမရှိကြဘူးဆိုရင် တစ်ဦးတစ်ယောက် ချင်းစီမှာ ယုံကြည် ချက်တွေ ပျောက်ဆုံးပြီး လုပ်နိုင်ကိုင်နိုင်စွမ်းတွေပါ ပျောက်ဆုံးသွားတတ်ပါတယ်။ ဒီနေရာမှာ ဥပမာ လေးတစ်ခုပြောပြချင်ပါတယ်။ စာရေးသူအပါအဝင် အားလုံးသိကြတဲ့ လျှပ်စစ်မီးလုံး တီထွင်သူ အက်ဒီဆင် ဟာ မီးလုံးကို အောင်မြင်စွာ တီထွင်ပြီးတဲ့အခါ ပြည်သူတွေကို မိတ်ဆက်တဲ့ ပွဲလေးတစ်ခုလုပ်ပါတယ်၊ ဒီခေတ်မှာဆိုရင်တော့ ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲ ပေါ့ဗျာ၊ မီဒီယာအသီးသီးက လူတွေရော ၊ အခြားစိတ်ဝင်စားတဲ့ ပရိတ်သတ်တွေရော အစုံအလင် ပွဲကိုရောက်ရှိနေကြပြီ၊ အဲဒီအချိန်မှာ အက်ဒီဆင်က သူ့ရဲ့တပည့်ကို မီးလုံးကို သွားယူခိုင်လိုက်တယ်၊ သူ့တပည့်က မီးလုံးကို ပရိတ်သတ်ဆီ ယူလာတဲ့အချိန်မှာ မမျှော်လင့်ဘဲ ကျကွဲသွားတယ်။ စာဖတ်သူများ စဉ်းစားကြည့်ပါ၊ ကျွန်တော်တို့ စိတ်နဲ့ဆို ဘာတွေဖြစ်ကုန် ကြမလဲ ….. ? အနည်းဆုံးတော့ တပည့်ကျော်ကို မဆူရင်တောင်မှ နမော်နမဲ့နိုင်တယ်ဆိုပြီး အပြစ်တင်မိမှာပါ။ ဒါပေမယ့် အက်ဒီဆင်က သူ့တပည့်ကို အပြစ်မတင်ဘဲ ကြွရောက်လာကြတဲ့ ပရိတ်သတ် တွေကို တောင်းပန်လိုက်ပါတယ်။ ဒီလိုနဲ့ နောက်တစ်ကြိမ် ပြန်လည် မိတ်ဆက်တဲ့ပွဲကို ရောက်လာပါတယ်၊ အဲဒီပွဲမှာလည်း မီးလုံးကို ယူဖို့အတွက် ပထမတစ်ကြိမ်တုန်းက ကျကွဲဖူးတဲ့ တပည့်ကိုပဲ ပြန်ယူခိုင်းပါတယ်။ အဲဒီအချိန်မှာ သူများတွေက ဘာလို့ သူ့ကိုထပ်ယူခိုင်းတာလဲ တကယ်လို့သာ ထပ်ပြီးတော့ ကျကွဲသွားမယ် ဆိုရင် ဘယ်လိုလုပ်ကြမလဲပေါ့။ “တစ်ခါမှားသွားရုံနဲ့ သူ့ကို ထပ်မခိုင်းတော့ဘူးဆိုရင် သူ့ဘဝတစ်လျှောက် လုံး ယုံကြည်ချက်တွေ ပျောက်ဆုံးသွားလိမ့်မယ်” တဲ့ အက်ဒီဆင် ပြန်ဖြေတဲ့စကားပါ။
ဒါကြောင့် တစ်စုံတစ်ခု လွဲမှားတိုင်းမှာ ချက်ချင်းအပြစ်မတင်ဘဲ အကြောင်းရင်းကို ဆန်းစပ်ဖို့ လိုပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ တစ်ခုခုမှားယွင်းတိုင်း အပြစ်ပဲတင်နေမယ်ဆိုရင် … အဲဒီလူဟာ ယုံကြည်မှု တွေလည်း ပျောက်ဆုံးလာသလို တစ်ခုခုဖြစ်ရင် မပြောတော့ပါဘူး၊ အချိန်လွန်မှ သိရတဲ့အဖြစ်မျိုးတွေ ဖြစ်တတ်ပါတယ်။ အဆူခံရမှာ၊ အပြောခံရမှာ၊ အပြစ်တင်ခံရမှာ ကြောက်တော့ တစ်ခုခုဖြစ်ရင် ဖုံးကွယ်ထား လေ့ရှိကြပါတယ်၊ လုံးဝဖုံးလို့ မရတော့တဲ့ အချိန်ကျမှ အဲဒီအမှားတွေကို သိရတဲ့အခါ အချိန်မရှိတော့ပါဘူး။ ဒီလိုမျိုးကိစ္စတွေဟာ စာရေးသူတို့ လူမှုအဖွဲ့အစည်းမှာ မိသားစုတွင်း ကိစ္စလောက်ကနေပြီးတော့ ကုမ္ပဏီ၊ အဖွဲ့အစည်း လုပ်ငန်းကိစ္စတွေ အထိ သိသိသာမြင်နေရပါတယ်။ ဥပမာ - မန်နေဂျာတစ်ယောက်က ဝန်ထမ်း တစ်ယောက်ကို တာဝန်တစ်ခုပေးလိုက်တယ်၊ ဝန်ထမ်းကလည်း ကြိုးစားပြီး လုပ်တယ်၊ ဒါပေမယ့် မမျှော်လင့်တဲ့ အတားအဆီးတွေကြောင့် လုပ်ငန်းမအောင်မြင်ဘူးဆိုပါတော့၊ သူ့ကို “ဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်” ဆိုတဲ့ ဆောင်ပုဒ်နဲ့ သူ့ကို အပြစ်တင်မယ်၊ ဆူပူမယ်၊ ကြိမ်းမောင်း မယ် ဆိုရင် … သူက လုပ်လည်းလုပ်ပေးရသေးတယ်၊ အပြစ်တင်လည်း ခံရသေးတယ် လို့တွေးပြီး နောက်ပိုင်းမှာ အလုပ်လုပ်တဲ့အခါ စိတ်မပါတာတွေ၊ စေတနာ မပါတော့တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။
တစ်ယောက်ယောက်ကို ယုံကြည်မှု မပေးနိုင်ဘူးဆိုရင် ကိုယ်ကိုယ်တိုင်လည်း အဲဒီလို အခွင့်အရေး ရရင် အဲဒီလိုမျိုးလုပ်ဖို့ စိတ်အခံရှိတယ်လို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။ ဆိုလိုတာက အိမ်ရှင် နဲ့ အိမ်ငှားဆိုပါတော့ ၊ အိမ်ရှင်က အိမ်ငှားကို မယုံဘူး။ သူ့ရဲ့အိမ်ကို စည်းမရှိ/ ကမ်းမရှိ လုပ်ချင်သလို လုပ်မယ်လို့ ထင်တယ် ဆိုရင် အိမ်ရှင်ကိုယ်တိုင် အိမ်ငှားဖြစ်ခဲ့ရင် အဲဒီလိုမျိုးလုပ်နိုင်တဲ့ စိတ်အခံရှိလို့ အဲဒီလိုမျိုးတွေးတာလို့ ပြောချင်တာပါ။ တစ်ယောက်နဲ့ တစ်ယောက်ဆက်ဆံကြတဲ့အခါ ယုံကြည်မှုကို ပေးနိုင်သလောက် ပေးလိုက်ပါ။ ဖြစ်နိုင်ရင် အပြည့်အဝယုံကြည်ပေးလိုက်ပါ။ အဲဒီလိုယုံကြည်မှုပေးထားတာ ကိုလည်း တဖက်သားကို ပွင့်ပွင့်လင်းလင်း သိရှိပါစေ၊ ဒါဆိုရင် အဲဒီယုံကြည်မှုကို အလွဲသုံးစားလုပ်ဖို့ ခက်ပါတယ်။ အဲဒီလို ယုံကြည်မှုပေးထားပါလျက်နဲ့ အလွဲသုံးစားလုပ်တယ်ဆိုရင် နားလည်မှုပေးနိုင် သလောက်၊ ခွင့်လွှတ်နိုင်သလောက် နားလည်ခွင့်လွှတ်ပေးလိုက်ပါ။ အဲဒီလုပ်ပေးလိုက်တာဟာ သူ့ကို နောက်ထပ်အမှားမလုပ်ဖို့ အကြီးမားဆုံးတွန်းအားတစ်ခုပါ။
တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်နားလည် ယုံကြည်မှုရဖို့အတွက် အရေးကြီးဆုံးသော အချက်က မေတ္တာတရားပါ၊ တစ်ယောက်နဲ့ တစ်ယောက် မေတ္တားထားနိုင်ရင် ယုံကြည်မှုတွေ တည်ဆောက် နိုင်မှာ ဖြစ်တဲ့အတွက် ငြိမ်းချမ်းတဲ့ လူမှုအဖွဲ့အစည်းကို တည်ဆောက်နိုင်ကြမှာပါ … ။
အောင်ကိုဦး(UMK)
Be The Best !

Credit to Aung Ko Oo - UMK

Source => https://www.facebook.com/aungkouumk/posts/827497624043694:0

ကျေးဇူးတင်ပါတယ်။
Be Positive!
Share on Google Plus

About Myanmar Spirit

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment