♪ စမတ်ဖုန်းနဲ့ ဓာတ်ပုံကောင်းကောင်းတွေ ရိုက်နိုင်ဖို့ အကြံပြုချက် ၁၀ ချက် ♫

ယခု အကြံပြုချက် ဆောင်းပါးကို ရေးသားသူမှာ EyeEm  ဓာတ်ပုံအပလီကေးရှင်း ထူထောင်သူ ဖလိုမိုင်စ်နြာ ဖစ်သည်။ EyeEm ကိုအန်းဒရွိုက်ဖုန်း၊ အိုင်ဖုန်း၊ ဝင်းဒိုးဖုန်းများဖြင့် အသုံးပြုနိုင်သည်။ ကမ္ဘာတစ်ဝန်းက ဓာတ်ပုံဝါသနာအိုးပေါင်း ဆယ်သန်းကျော်၏ ဖုန်းတွေထဲတွင် EyeEm အက်ပလီကေးရှင်းရှိနေပြီ။ EyeEm သည် အထူးသဖြင့် စမတ်ဖုန်းသုံးပြီး ဓာတ်ပုံရိုက်ရတာ ဝါသနာထုံသူတို့ စုဝေးရာ နေရာလည်းဖြစ်သည်။ ယခုအခါ EyeEm သည် စမတ်ဖုန်း ဝါသနာအိုးတို့ EyeEm ပေါ် တင်ထားသော ဓာတ်ပုံများကို နိုင်ငံတကာ ဈေးကွက်တွင် ရောင်းချနိုင်အောင်လည်း ကူညီပေးနေပြီ။ EyeEm ကို ထူထောင်သူ ဖလိုမိုင်စ်နာသည်လည်း စမတ်ဖုန်း ဓာတ်ပုံဝါသနာ အိုးဖြစ်ရာ ဖုန်းကင်မရာနဲ့ အဆင့်မြင့်မြင့် ဓာတ်ပုံတွေ ရိုက်နိုင်ရေး သူ့အကြံပြုချက်များကလည်း အသုံးဝင်မည်မှာ သေချာသည်။

၁။ များများသာ ရိုက်ပါ။ သုံးမရတဲ့ ပုံတွေအတွက် မစိုးရိမ်ပါနဲ့။
တစ်ချက်တည်း ရိုက်ရုံနဲ့ ပုံကောင်းကောင်း တစ်ပုံထွက်ဖို့ မလွယ်။ ကျွန်တော်ဆိုရင် မြင်ကွင်းတစ်ခုကို ပုံနှစ်ဆယ် သုံးဆယ်လောက်ထိ ရိုက်မိတာမျိုးတောင် ရှိပါတယ်။ သုံးမရတဲ့ပုံတွေ အများကြီး ရိုက်မိလို့ဆိုပြီး ကိုယ့်ကိုယ်ကို စိတ်မပျက်ပါနဲ့။ ရတနာတုံးလေး လိုချင်ရင် ဘေးနားက အမှိုက်တွေကိုလည်း ကျုံးရမယ့်သဘောမျိုး ပါပဲ။ ဓာတ်ပုံဆိုတာကလည်း အလင်းအမှောင်၊ ကင်မရာရိုက်တဲ့ အနေအထား၊ ကင်မရာကိုင် သူရဲ့ စိတ်ကူးပေါ် မူတည်ပြီး ရလဒ်အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ ဒါကြောင့် စိတ်ကိုလွှတ်ပြီး စိတ်ကြိုက်သာ စမ်းသပ်ရိုက်ယူပါလို့ တိုက်တွန်းပါတယ်။ ကမ္ဘာ့အတော်ဆုံး ဓာတ်ပုံဆရာတွေတောင်မှ ဆယ်ပုံရိုက်ပြီး ဆယ်ပုံလုံး သုံးရတာမှ မဟုတ်ဘဲ။ ဓာတ်ပုံကောင်းရဖို့ အဓိကက စိတ်ရှည် ဇွဲရှိဖို့၊ မျက်စိရှင်ဖို့၊ ဓာတ်ပုံရိုက်ရတာ စိတ်ပျော်နေဖို့ပဲ။

၂။ အသစ် အသစ်တွေ စမ်းသပ်ဖို့ မတွန့်ပါနဲ့။
ကိုယ် ရိုက်နေကျ မြင်ကွင်းမျိုး၊ အယူအဆမျိုး၊ အနေအထားမျိုးလောက် ရိုက်နေရုံနဲ့ ကျေနပ်မနေပါနဲ့။ အယူအဆသစ်၊ မြင်ကွင်းသစ်၊ အတွေးအခေါ်သစ်တွေနဲ့ ကိုယ့်ဓာတ်ပုံ နယ်ပယ်ဘောင်ကို အမြဲချဲ့နေပါ။ စမတ်ဖုန်းခေတ်မှာ ကောင်းတာက ဘယ်သူမဆို ဘယ်သွားသွား အိတ်ထဲမှာ ဖုန်းပါတာပဲ။ ဖုန်းကင်မရာတွေဟာ တကယ်ကောင်းတဲ့ ပုံတွေထိ ရိုက်လို့ရနေပြီ။ လောကကြီးကလည်း ဓာတ်ပုံရိုက်ချင်စရာတွေ အပြည့်ပဲလေ။ လမ်းလျှောက်ရင်း  ရိုက်လို့ရတယ်။ ကျေးလက်ဘက် ရောက်ရင်လည်း ရိုက်လို့ရတယ်။ စတိတ်ရှိုးပွဲမှာ ရိုက်မလား၊ ချက်ရင်းပြုတ်ရင်း ရိုက်မလား၊ သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်ရင်း ရိုက်ဦးမလား။ ဖုန်းတစ်လုံးပါရင် အမှတ်တရတွေ အကုန်မှတ်တမ်း တင်လို့ရနေပြီ။ တကယ်တမ်းသာ စဉ်းစားကြည့်ရင် လောကကြီးမှာ ဖုန်းတစ်လုံးနဲ့ ဓာတ်ပုံရိုက်ချင်စရာတွေ ပြည့်နေတာ တွေ့လိမ့်မယ်။

၃။ နောက်ခံမြင်ကွင်း၊ ရှေ့ဘက်မြင်ကွင်းတွေကို ချိန်ဆ။
ဖုန်းနဲ့ ဓာတ်ပုံရိုက်ရင် ကိုယ်ရိုက်မယ့် မြင်ကွင်းရဲ့ ရှေ့ကနေ တစ်ခုခုကာနေတာမျိုး မဖြစ်ရဘူးဆိုတာ လူတိုင်းသိပါတယ်။ အဲ့လိုပါပဲ ကိုယ်ရိုက်မယ့် မြင်ကွင်းရဲ့ နောက်ခံကိုလည်း ဂရုစိုက်ရပါမယ်။ နောက်ခံမြင်ကွင်းက ရှုတ်ရှက်ခတ်လွန်းနေရင်၊ ဒါမှမဟုတ် ကိုယ်ရိုက်မယ့် မြင်ကွင်းကို အားနည်းသွားစေမယ့် ဂယက်မျိုး ရှိတယ်ဆိုရင် အဲ့ဒါမျိုးကို ရှောင်ပါ။
နောက်ခံအနေအထား အဆင်မပြေဘူးဆိုရင် ဖုန်းကိုထောင့်ပြောင်း ရိုက်တာမျိုး၊ နေရာရွှေ့ ရိုက်တာမျိုးလုပ်ပါ။ ဒါဆိုပုံသန့်သန့်တွေ ထွက်လာမယ်။ ဓာတ်ပုံရိုက်တယ်ဆိုတာ ဘာနဲ့ရိုက်တယ်ဆိုတာ တစ်ခုတည်းနဲ့ မပြီးဘူး၊ ဘယ်လိုရိုက်တယ်၊ ဘယ်လောက် စဉ်းစားအားထုတ် တယ်ဆိုတာက ပိုစကားပြောတယ်။

၎။ မရိုက်ခင် စဉ်းစား။
ဓာတ်ပုံရိုက်တယ်ဆိုတာ ကိုယ်ပြောချင်၊ ပြချင်တာကို ဓာတ်ပုံတစ်ကွက် စာထဲမှာ ဝင်အောင်ထည့်ပြတဲ့ သဘောပါပဲ။ ဓာတ်ပုံမြင်ကွင်း ဘောင်ထဲမှာ ဘာတွေထည့်ပြမယ်၊ ဘာတွေ ချန်ထားခဲ့မယ်ဆိုတာကို မရိုက်ခင် ဦးနှောက်နဲ့ စဉ်းစားပြီးမှရိုက်ရင် ဓာတ်ပုံကောင်းကောင်းတွေ ပိုရနိုင်ပါတယ်။ ကြည့်သူအာရုံကို ဆွဲဆောင်နိုင်မယ့် ဖွဲ့စည်းပုံမျိုးတွေ သိထားရင် ဓာတ်ပုံဟာ ဆွဲဆောင်မှု ပိုရှိလာပါလိမ့်မယ်။ ဥပမာ ပြတင်းပေါက် ဘောင်တွေကို နောက်ခံအဖြစ် ထားပြီးရိုက်ရင် အလင်းရောင်လည်းရမယ်၊ ကိုယ်ပြချင်တဲ့လူ ဒါမှမဟုတ် ပစ္စည်းကိုလည်း ကြည့်သူ အာရုံစိုက်မိအောင် ပြတင်းပေါက်ဘောင်တွေက ဘောင်ကန့်ပေးပြီးသား ဖြစ်သွားမယ်။ ဗိသုကာ အဆောက်အဦ လက်ရာတွေကိုလည်း နောက်ခံအနေနဲ့ ဉာဏ်ရှိသလို အသုံးချနိုင်ပါတယ်။ မှန်ချပ်တွေ၊ မြို့ပြ လမ်းကြားတွေကိုလည်း ကိုယ်ရိုက်မယ့်လူ ဒါမှမဟုတ် ဝတ္ထုပစ္စည်းတွေကို ကြည့်သူပိုအာရုံ စိုက်မိလာစေမယ့် အဖြည့်အကူတွေအဖြစ်နဲ့ အသုံးချလို့ရပါတယ်။

၅။ Zoom တော့ လုံးဝ မဆွဲနဲ့။
ဖုန်းကင်မရာမှာတဲ့ Zoom ဆိုတာ မှန်ဘီလူးနဲ့ တကယ်အနီးကပ် ဆွဲယူတာမဟုတ်ပါဘူး။ ပုံမှန်အတိုင်း မြင်ရတဲ့ ဓာတ်ပုံကိုပဲ ခုတ်ဖြတ်ပစ်လိုက်ပြီး နီးလာတယ်ထင်ရအောင် အကြီးချဲ့ပေးလိုက်တာ ဖြစ်တာကြောင့် Zoom ဆွဲပြီးရိုက်ရင် ဓာတ်ပုံအရည်အသွေး ကျသွားပါတယ်။ Zoom ဆွဲပြီး ရိုက်ထားတဲ့ ပုံကိုကြည့်လိုက်ရင်လည်း အရောင်တွေမွစိစိ ဖြစ်နေတာတွေ့ရ ပါလိမ့်မယ်။ အနီးကပ် ရိုက်ချင်ရင် ဖုန်းကိုင်ပြီး ကိုယ်ရိုက်မယ့် မြင်ကွင်းနဲ့နီးအောင် လမ်းလျှောက်သွားပါလို့သာ အကြံပြုလိုပါတယ်။

၆။ ကာလာလား၊ အဖြူ အမည်း လား။
ကာလာနဲ့ ရိုက်မှာလား၊ အဖြူ၊ အမည်းနဲ့ ရိုက်မှာလားက စာဖတ်သူ သဘောအတိုင်းပါ။ အခြေအနေ အချိန်အခါပေါ် မူတည်ပါတယ်။ ကာလာနဲ့ရိုက်မှ ပိုကောင်းမယ့်ပုံမျိုးကို ကာလာနဲ့ရိုက်၊ အဖြူအမည်းနဲ့မှ ဆွဲဆောင်မှုပိုရှိမယ့် ပုံမျိုးကျတော့လည်း အဖြူ အမည်းနဲ့ပေါ့။ ဓာတ်ပုံရိုက်လာပြီး နောက်မှာ မှ ပြန်တည်းဖြတ်တော့လည်း အဖြူ အမည်းနဲ့ထားမလား၊ ကာလာနဲ့ထားမလား ကြိုက်ရာရွေးလို့ ရပါတယ်။ ဓာတ်ပုံက ပြောချင် ပြချင်တာကို အထိရောက်ဆုံး ပြနိုင်မယ့် အရောင်အနေအထား မျိုးဖြစ်ဖို့က အရေးအကြီးဆုံးပါ။


၇။ ကိုယ့်ဖုန်းကင်မရာ အကြောင်း သေချာသိလေ ပုံကောင်းထွက်လေ။
ပုံကောင်းထွက်ဖို့အတွက် အဓိကလိုအပ်ချက်က ကိုယ့်လက်ထဲက ကင်မရာရဲ့ အလုပ်လုပ်နိုင်စွမ်းကို သိဖို့ဖြစ်ပါတယ်။ သူလုပ်နိုင်တဲ့ အနေအထားကို သိမှသူ့ကို ဘယ်လိုခိုင်းရင် ပုံကောင်းထွက် နိုင်တယ်ဆိုတာ ချိန်နိုင်မှာ ဖြစ်ပါတယ်။ စမတ်ဖုန်း ကင်မရာတွေရဲ့ အားသာချက်က လုပ်ဆောင်ချက်အမျိုးမျိုး ရနိုင်တဲ့ အပလီကေးရှင်းတွေ ဖြစ်ပါတယ်။ ဥပမာ shutter speed ကို လိုသလို အနှေး အမြန် ချိန်လို့ရတဲ့ အပလီကေးရှင်းတွေ သုံးမယ်ဆိုရင် ပုံတွေကို ပြတ်သားနေအောင် ရိုက်ဖို့လိုတဲ့အခါ ရိုက်နိုင်မှာ ဖြစ်သလို၊ အရိပ်လှိုင်း တွေဆွဲပြီး ပေါ်နေအောင် ရိုက်မှ အဓိပ္ပာယ်ပေါ်မယ့် ပုံမျိုးကျပြန်တော့လည်း shutter speed ကို လျှော့ပြီး ရိုက်နိုင်မှာ ဖြစ်ပါတယ်။

အိုင်ဖုန်းအတွက် Shutter Cam ဆိုတာ ရှိပါတယ်။ အန်းဒရွိုက်အတွက်လည်း Speed Shutter ဆိုတာ တော်တော်သုံးလို့ ကောင်းပါတယ်။ စမတ်ဖုန်း ကင်မရာကိုပဲ တကယ့်ကင်မရာတစ်လုံးလို Manual နည်းနဲ့ ရိုက်လို့ရမယ့် အပလီကေးရှင်းတွေလည်း ရှိပါတယ်။ ဥပမာ Camera FV-5 ဆိုတဲ့ အပလီကေးရှင်းဆိုရင် Manual နည်းနဲ့ ကောင်းကောင်းရိုက်လို့ရအောင် ကူပေးနိုင်တယ်။ ဖိုးကတ်စ် စိတ်ကြိုက်ဖြတ်ပြီး ရိုက်လို့ရတယ်။ အလင်းအမှောင် စိတ်ကြိုက်ချိန်နိုင်တယ်။ Shutter speed လည်း ကြိုက်သလို ထားနိုင်တယ်။ စိတ်ကူးစိတ်သန်း ကောင်းကောင်းသာ ရှိပါစေ၊ စမတ်ဖုန်း ကင်မရာကိုင်ပြီး တကယ့်ပရိုတွေနီးပါး ဖန်တီးလို့ ရနေပါပြီ။

၈။ Filter ကို ဉာဏ်နဲ့ ယှဉ်သုံးပါ။
တကယ့် ကင်မရာတွေမှာလည်း အရောင်အမျိုးမျိုး ထပ်ပိုးပေးဖို့ မှန်ဘီလူးတွေရှေ့မှာ Filter မှန်တွေ ထပ်အုပ်ရပါတယ်။ စမတ်ဖုန်း ကင်မရာတွေကျတော့ Filter မှန်တောင် မလိုပါဘူး။ ဆော့ဖ်ဝဲသုံးပြီး Filter အမျိုးမျိုး ထပ်အုပ်လို့ ရနေပါပြီ။ Filter တွေဟာ သုံးတတ်ရင် ဓာတ်ပုံကထွက်တဲ့ ခံစားချက် ပိုအရှိန်မြင့်လာအောင် ကူပေးနိုင်ပါတယ်။ အသုံးမတတ်ရင်တော့ မိတ်ကပ်တွေ စွတ်လိမ်းထားတဲ့ မျက်နှာဟာ ကြည့်မကောင်း သလိုမျိုးပါပဲ။ ဒါကြောင့် Filter သုံးမယ်ဆိုရင် မူရင်းပုံ အနှစ်သာရ ပိုကောင်းလာမှာလား ကိုယ့်ဖာသာ စဉ်းစားပါ။ ပိုကောင်းလာမယ်လို့ အဖြေမထွက်ဘူးဆိုရင် မသုံးဘဲနေတာ ကောင်းပါတယ်။

၉။ အလင်း အမှောင်ကို ထည့်စဉ်းစားပါ။
အလင်းရောင်မရှိရင် ဓာတ်ပုံဆိုတာလည်း မရှိနိုင်။ ဒါကြောင့် အလင်းရောင် အားနည်းတဲ့ နေရာမျိုးတွေမှာ ဖုန်းနဲ့ဓာတ်ပုံ ရိုက်တော့မယ်ဆိုရင် တတ်နိုင်သမျှ အလင်းရောင်ရမယ့် အနေအထား မျိုးကနေ ရိုက်ဖြစ်အောင် စဉ်းစားပါ၊ ကြည့်ပါ။ မီးအိမ်၊ မီးတိုင်၊ လမ်းက ဖြတ်သွားသည့် ကားမီးတွေကို အသုံးချပါ။ အဲ့ဒီအလင်းတွေကို နောက်ခံထားပြီး ရိုက်ဖို့တော့မဟုတ်။ သူတို့ဆီက ထွက်လာတဲ့ အလင်းရောင်က ကိုယ်ရိုက်မယ့် မြင်ကွင်းကို အလင်းပေးအောင် ချိန်ဆပါ။ ဖုန်းမှာပါတဲ့ ဖလက်ရှ်မီးကို တတ်နိုင်သမျှ မသုံးပါနဲ့။ ဖုန်းဖလက်ရှ်မီးနဲ့ ရိုက်လိုက်ရင် အလင်းလွန်ပြီးပုံက ရုပ်ပျက်သွားတာ များပါတယ်။ ကိုယ်နဲ့တူတူ သူငယ်ချင်း တစ်ယောက်ယောက် ပါတယ်ဆိုရင် သူ့ဖုန်း ဖလက်ရှ်ဖွင့်ပြီး ကိုယ်ရိုက်မယ့် နေရာကို အလင်းရောင် ထိုးခိုင်းထားပြီးမှ ကိုယ်ကဖလက်ရှ် မဖွင့်ဘဲရိုက်ရင် ပိုကောင်းပါတယ်။

၁၀။ စမတ်ဖုန်း ဓာတ်ပုံဝါသနာအိုးတွေနဲ့ ပေါင်းပါ။
ပျော်ပျော်ပါးပါး ဓာတ်ပုံရိုက်ပါ။ အွန်လိုင်းမှာ ကိုယ့်လိုစမတ်ဖုန်း ဓာတ်ပုံဝါသနာ အိုးတွေနဲ့ ပေါင်းပါ။ တတ်နိုင်ရင် အပြင်မှာလည်း တွေ့ကြပါ။ ပြီးတော့ ဓာတ်ပုံပြပွဲတွေလည်း သွားကြည့်ပါ။ ကျွမ်းကျင်သူတွေ ရိုက်ထားတဲ့ ပုံတွေကို ကြည့်ပြီး ပညာယူနိုင်ရင် ကိုယ်ဖုန်းနဲ့ ရိုက်တဲ့အခါကျ တော့လည်း အသုံးချလို့ရပါတယ်။ ဖုန်းကင်မရာကိုင် ရိုက်ရင်လည်း မတ်တပ်ရပ် မျက်နှာရှေ့နား လက်ဆန့်ပြီး ရိုက်တာမျိုးလောက်နဲ့ တင်းတိမ်မနေပါနဲ့။ ထိုင်ပြီး ရိုက်ကြည့်၊ အောက်ကပင့်ပြီး ရိုက်ကြည့်၊ ရှုထောင့် အမျိုးမျိုးပြောင်းပြီး ရိုက်ကြည့်၊ စမ်းကြည့်ပါ။ မြင်ကွင်း တစ်မျိုးတည်းကိုပဲ ထောင့်အမျိုးမျိုးက ရိုက်လိုက်ရင် တစ်မျိုးမျိုးဟာပိုပြီး စိတ်ဝင်စားစရာ ကောင်းနေတာ တွေ့ရပါလိမ့်မယ်။

Ref: 10 tips for smartphone
photography from EyeEm founder Flo
Meissner (The Independent)

Credit to ==> Internet Journal
 
  
Be Positive!
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment