ကျွန်တော်ရွာသား အူကြောင်ကြား



××××××××××××××××××××××××
၂၀၀၂ ခုနှစ်မှာ ကျွန်တော် ဆယ်တန်းဖြေပြီးတော့ မဟာရန်ကုန်ရွှေမြို့တော်ကြီး ကို မျက်လုံးလေးကလည်လည်နဲ့ (ရွှေမှုံရတီဇာတ်ကားမဟုတ်ပါ) ယောင်လည်လည် ရောက်လာခဲ့ပါတယ် … ရန်ကုန်ရောက်တော့ အမေ့ရဲ့ မောင်ရဲ့ သား (၂) ယောက်ဖြစ်တဲ့ ကျွန်တော့် အစ်ကို ဝမ်းကွဲတွေနဲ့ လှည်းတန်းက အနောက်ထန်းတစ်ပင်လမ်း ထဲမှာနေတယ် … ။ အနောက်ထန်းတစ်ပင်လမ်း ဆိုတာ အာရှဓနဘဏ် (ယခု Iceberry ) ဘေးက ဇေယျာသီရိလမ်းအတိုင်း ဝင်ရပါတယ် … ။ ကျွန်တော် က လည်း အလုပ်မရှိ အကိုင်မရှိ တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ် ဘဝဆိုးလှတယ် ဆိုတော့ အားအားလျားလျား ဟိုဟိုဒီဒီ လျှောက်သွားတာပေါ့။ ရန်ကုန်ကိုလည်း ရောက်စဆိုတော့ လည်လည်ဝယ်ဝယ် မရှိသေးတော့ လမ်းကို မှတ်ထားရတယ်ဗျ … အဓိက ကတော့ အာရှဓနဘဏ်ကို ပဲ မှတ်ထားပါတယ် … အာရှဓနဘဏ်ကို တွေ့ရင် သူ့ဘေးက ဇေယျာသီရိလမ်း အတိုင်း ဝင်လိုက်ရင် အိမ်ပြန်ရောက်တယ်လေ …
ဒါက ဟိုအနား ဒီအနားသွားရုံလောက်ပဲလေ မြို့ထဲတွေ … ဘာတွေ … အခြားနေရာတွေ သွားမယ်ဆိုတော့ လိုင်းကား စီးရမယ်လေ … အဲဒီတော့ ကျွန်တော် လိုင်းကားကို ၄၅ တစ်စီးပဲ အမြဲတမ်း စီးတယ် … ။ ဘာကြောင့်လဲဆိုတော့ ၄၅ က ဆူးလေး ဘုရားနားက မြို့တော်ခန်းမဘေးက ဂိတ်စတယ်လေ … ကျွန်တော် ဘယ်သွားသွား ၄၅ စီးပြီး မြို့ထဲ လိုက်သွားတယ်၊ မြို့ထဲ ရောက်ရင် မုန့်ဟင်းခါး ၁၀၀ တန် (လွှမ်းပိုင်ရဲ့ ၁၀၀ တန် မဟုတ်ပါ tongue emoticon ) စားပြီးရင် ဗန္ဓ္ဓုလပန်းခြံရှေ့က လိုင်းကားတွေထဲ စီးကောင်းမယ် ထင်တဲ့ ကားပေါ်တက်လိုက်တာပဲ … ။ အဲလိုနဲ့ လိုင်းကားလျှောက်စီးရင်း ပြတင်းပေါက်က ဟိုငေး ဒီငေး ဒီနေရာ လေး လည်လို့ ကောင်းမယ်ထင်ရင် ကားပေါ်က ဆင်းလိုက်တာပဲ … ဘယ်နေရာမှန်းလည်း သိစရာ မလိုပါဘူး … အဲအနား ပတ်ဝန်းကျင်မှာ လျှောက်သွား … ပြီးတော့ ကားစီးလာတဲ့ မှတ်တိုင်ကို ပြန်သွား ဟိုဘက်ကမ်းကူးပြီး ကိုယ်စီးလာတဲ့ ကားနံပါတ်လာရင် တက်လိုက်လာတာပေါ့ … ဂိတ်ဆုံးရင် ဗန္ဓ္ဓုလပန်းခြံ ကို ပြန်ရောက်တယ်လေ … ဒါဆိုရင် ကျွန်တော် လှည်းတန်းပြန်ရမယ့် ၄၅ ဂိတ် ကို ရောက်တာနဲ့ အတူတူပဲပေါ့ … မပြန်ခင် မုန့်ဟင်းခါး ၁၀၀ ဖိုးစားပြီး ၄၅ ကို ဂိတ်စက ပြန်စီးလိုက်ရင် လှည်းတန်းကို ပြန်ရောက်တာပါပဲ .. ဒီနေရာမှာ ပြောရဦးမယ်ဗျ .. ၄၅ ကို ဂိတ်စက စီးပေမယ့် ညနေပိုင်း ရုံးဆင်းချိန်ဆိုရင် တစ်ခါတစ်လေ နေရာ မရဘူးဗျ … ကျွန်တော်ကလည်း စိတ်ကြီးတယ် ဂိတ်စက စီးပြီး နေရာ မရရင် ပြန်ဆင်းတယ် … ရောက်စဆိုတော့ ကားပေါ်ကို လုမတက် တတ်တာလည်း ပါတာပေါ့ …
ဒီလိုနဲ့ တစ်နေ့ ကျွန်တော် ထုံးစံအတိုင်း မနက်မိုးလင်း အိပ်ရာကထ ကျောပိုးအိတ်လေး လွယ်ပြီးတော့ စီးတော်ယဉ် ၄၅ နဲ့ မြို့ထဲသွားတာပေါ့ မြို့ထဲရောက်တော့ မုန့်ဟင်းခါးစားပြီး ဆင်မလိုက် ကို ဗန္ဓ္ဓုလပန်းခြံရှေ့က ၁၉၉ စီးပြီး သွားပါရော … သိတယ်မဟုတ်လား ကျွန်တော်က ရန်ကုန်မှာ လည်လည်ဝယ်ဝယ် ရှိတော့ ဆင်မလိုက်မှာ ကျွန်တော်သွားမယ့် အိမ်ကို ရှာမတွေ့ပါဘူး … ဖုန်းဆက်မေး ရအောင်လည်း ခုလို ဖုန်းတွေက မပေါသေးတော့ … မတွေ့တော့လည်း အိမ်ပြန်မှာပေါ့ … ပြန်မယ်ဆိုတော့ ကျွန်တော့် လမ်းကြောင်းအတိုင်း ဆူးလေးကို ပြန်မယ့် ၁၉၉ က တော်တော်နဲ့ မလာဘူး … အခြားကား လည်း မစီးရဲဘူး …
တော်တော်လေးကြာတော့ ကျွန်တော်က ဦးလေးကြီး တစ်ယောက်ကို ဆူးလေးသွားဖို့ ဘယ်ကား စီးရမလဲ မေးတော့ ဦးလေးကြီးက ဆူးလေး ဘယ်ကို သွားမှာလဲ မြို့ထဲက အပေါ်ဘလောက်၊ အောက်ဘလောက် တွေ ရှိသေးတယ် ဘလောက်မတူရင် လမ်းလျှောက်ရတာ ဝေးတယ် စသဖြင့် ကျွန်တော့်ကို ပြန်မေးပါတယ် … အဲဒါနဲ့ ကျွန်တော်က ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်တယ် တကယ်တော့ ကျွန်တော်က လှည်းတန်းပြန်မှာဗျ ဆိုတော့ ကောင်လေးရယ် ဆင်မလိုက်က လှည်းတန်းပြန်မှာကို ဆူးလေး သွားစရာမှ မလိုတာ ဟိုဘက်ကနေ ၄၅ (နံပတ်မသေချာတော့ပါ) ဒိုင်နာ (အဝါ) စီးသွားလို့ ပြောပါတယ် … ။ ဦးလေးကြီးက သဘောကောင်းတယ်ဗျ … ကျွန်တော်ရဲ့ အူကြောင်ကြားပုံကိုလည်း မြင်လို့ဖြစ်ပါမယ် … ကားကူးပြီးတော့ ကောင်းကြိုက်ဒံပေါက်ဆိုင်ရှေ့က ကားပေါ်အထိ တင်ပေးလိုက်တယ် … ကောင်လေးကို လှည်းတန်းမှာ ချပေးလိုက်လို့ စပယ်ယာ ကိုလည်း မှာလိုက်ပါသေးတယ် … ဦးလေးကြီးက ၂ မှတ်တိုင်ပဲ စီးရမယ်ဆိုတော့ ကျွန်တော် အပ်ါအထိ မတက်တော့ဘဲ နောက်ကပဲ တွဲလိုက်ပါတယ် … စပယ်ယာကို ၂၀ တန် တရွက် ထုတ်ပေးလိုက်ပါတယ် … ။ (စပယ်ယာဆီက ပိုက်ဆံပြန်မတောင်းရဲ့လို့ ၂၀ တန်တွေ အမြဲတမ်း အကြွေလဲ ထားတယ် - ဤကား စကားချပ်)
အဲလိုနဲ့ သိပ်မကြာပါဘူး စပယ်ယာက လှည်တန်းရောက်ပြီး ဆိုတော့ ကားပေါ်က ဖုတ်ကနဲ့ ခုန်ဆင်းလိုက်ပါတယ် … (အဲဒီနေရာက အခုတော့ စိန်ဂေဟာရှေ့ပေါ့ဗျာ) စပယ်ယာလည်း မာလာ … တံတားဖြူ … ၆ ခွဲ … အေဒီ … ၈မိုင် … လမ်းဝ … ဘုန်းကြီးလမ်း … ၂ဈေး … ဘာညာ သရာကာ အော်ရင်း လူတင်ပြီး ကားက ထွက်သွားလေရဲ့ …
ခက်တာက ကျန်နေတဲ့ ကျွန်တော် လှည်တန်းလို့ပြောပေမယ့် ကျွန်တော့်ရဲ့ အာရှဓန ဘဏ်လဲ မတွေ့တော့ ကျွန်တော့် စိတ်ထဲမှာ တွေးနေပါတယ် … သူတို့ပြောတာတော့ လှည်းတန်းတဲ့ ငါ့လှည်းတန်း နဲ့လည်း မတူဘူးပေါ့ … အဲဒါနဲ့ ဦးလေးကြီးတစ်ယောက်ကို ကျွန်တော်က မေးပါတယ် … ဦးလေး … ဦးလေး … ဒါလှည်းတန်းလား ဆိုတော့ ဦးလေးကြီးက ဟုတ်တယ်လေ … ဘာဖြစ်လို့လဲဆိုတော့ … ဘာမှမဟုတ်ပါဘူး မေးကြည့်တာပါလို့ tongue emoticon … နည်းနည်းဆက်လျှောက်ပြီး လှည်းတန်းဆိုတာ သေချာပြီဆိုတော့ အဒေါ်ကြီးတစ်ယောက်ကို ဒေါ်လေး … ဒေါ်လေး ဒီလှည်းတန်းမှာ အာရှဓနဘဏ်က ဘယ်အနားလဲ လို့ မေးကြည့်ပါတယ် … (ပိုက်ဆံထုတ်မလို့တော့ မဟုတ်ပါဘူး ဘဏ်တွေ့မှ အိမ်ပြန်တတ် တာလေ) အဒေါ်ကြီးကလည်း သဘောကောင်းပါတယ် … အင်းစိန်လမ်း (အဲတုန်းကတော့ မသိဘူးပေါ့) ဘက်ကို လက်ညိုးထိုးပြီး တည့်တည့်လျှောက် ကောင်လေး လမ်းဆုံရောက်ရင် မြောက်ဘက်ကို ကွေ့လိုက်တဲ့ (အဒေါ်ကြီးက အညာသူထင်ပါတယ်) ကွေ့ပြီးရင် တည့်တည့်သာ ဆက်လျှောက် တွေ့လိမ့်မယ် … လို့ ပြောပါတယ် … ။
ကျွန်တော်လည်း ကျောပိုးအိတ်လေးလွယ်ပြီး ပလက်ဖောင်းဘေးက လျှောက်သွားတာပေါ့ သိပ်မကြပါဘူး ပြည်မြန်မာ ကုန်တိုက် (ယခု ချက်ပလက် ကားအရောင်းပြခန်း) ကို တွေ့တော့ ပျော်ပြီလေ … မြို့ထဲက ပြန်လာရင် အဲကုန်တိုက်ကို မြင်မြင်နေရတော့ မှတ်မိသွားပြီလေ …
အောင်ကိုဦး ဆိုတဲ့ ကျွန်တော် ရွာသား … အဲလို အူကြောင်ကြားနဲ့ ရန်ကုန်မြို့ပြ ဘဝကို စခဲ့ပါတယ် … ။
စိတ်ရှည်လက်ရှည် ဆုံးတဲ့အထိ ဖတ်ပေးကြတဲ့ စာဖတ်သူများကို ကျေးဇူး အထူး တင်ပါတယ် ..
မေတ္တာဖြင့်
အောင်ကိုဦး (UMK)
Be the Best !
*******************************************************************
ဒီစာစုလေးမှာ အဓိက ပြောချင်တာက လူတစ်ယောက်ဟာ အလုပ်တစ်ခုကို လုပ်ပါများမှ ကျွမ်းကျင်ပါတယ် … စာတွေ့တွေ ရှိပေမယ့် စလုပ်တဲ့အခါ အခက်အခဲတွေ ရှိပါတယ် .. ဒါပေမယ့် အလေ့အကျင့်များလာတဲ့ အခါ ကျွမ်းကျင်သွားပါတယ် … အဲဒီလို အားအားလျားလျား လျှောက်သွား လိုက်တဲ့ အတွက် ၃ လလောက် အတွင်းမှာ ကျွန်တော် ရန်ကုန်မြို့ကို နှံ့နှံ့စပ်စပ် သွားတတ်သွားပါတယ် …။

Credit to Aung Ko U - UMK

Source => https://www.facebook.com/aungkouumk/posts/815971211863002:0

ကျေးဇူးတင်ပါတယ်။
Be Positive!
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment