စာမျက်နှာ - ၂၉



************
လူ့ဘဝဆိုတာ ကံကြမ္မာက အသင့်ပြဌာန်းထားတဲ့ သင်ရိုးစာအုပ်တစ်အုပ်ဆိုရင် ဒီနေ့ဟာ ကျွန်တော့်ရဲ့ ဘဝ စာမျက်နှာ နံပါတ် (၂၉) ကို ရောက်ပါပြီ … စာမျက်နှာ (၂၉) အထိ ဖြတ်သန်းခဲ့တဲ့ အချိန်မှာ ဝမ်းနည်းစရာတွေ … ပျော်ရွင်စရာတွေ … စိတ်ဓါတ်ကျစရာတွေ … စိတ်အားတက်ကြွစရာတွေ စတဲ့ စတဲ့ ခံစားချက် အမျိုးမျိုးနဲ့ ဖြတ်သန်းခဲ့ပါပြီ … ဆရာကောင်းသန့်ကတော့ ဘဝဆိုတာ “စိတ်ညစ်စရာ သောကဒုက္ခတွေနဲ့ စိတ်ပျော်စရာ သုခအနည်းကို အချိုးအစား မမျှတစွာ ဖျော်စပ်ထားတဲ့ ကော်ဖီခါးခါးတစ်ခွက်ပါပဲ” လို့ဖွင့်ဆိုတယ်။ ကျွန်တော့်ဘဝကလည်း ဆရာကောင်းသန့်ရဲ့ ကော်ဖီခွက်လိုပဲ သုခ နဲ့ ဒုက္ခ အချိုးမမျှတတဲ့ ကော်ဖီတစ်ခွက်ပါပဲ … ။
ဘဝရဲ့ အစောပိုင်း စာမျက်နှာတွေကတော့ သိပ်တော့ မထူးဆန်းလှပါဘူး … စာမျက်နှာ (၅) လောက်အထိကတော့ မေမေ နဲ့ ပါပါ တာဝန်ကျရာ နေရာတွေကို လိုက်ပါရင်း ကျောင်းစာသင်ခန်းထဲက ပုခက်တွင်းမှာပဲ ကြီးပြင်းခဲ့တာပဲ … စာမျက်နှာ (၅) မှာ မှတ်မှတ်ရရ ရှိတာကတော့ အဖေ နဲ့ အမေက ကျောင်းဆရာ၊ ကျောင်းဆရာမတွေ ဆိုတော့ ငယ်ငယ်လေးကတည်းက ကျောင်းစာသင်ခန်းထဲမှာ ကြီးပြင်းခဲ့ရလို့ ကျောင်းစတတ်တဲ့နှစ်မှာ သူငယ်တန်းကို (၁) လလောက်ပဲ တက်လိုက်ရပြီး … (၁) တန်းကို စတက်ခဲ့ရတယ် … ။
စာမျက်နှာ (၈) သို့မဟုတ် မှတ်မှတ်ရရ အဖြစ်တစ်ခု … အမေ့ဖက်က အဖွားအိမ်ကို သွားလည်ပြီး ပြန်လာတော့ အမေ့ကို ချီခိုင်းတာ အမေက မချီဘဲ လမ်းလျှောက်ပြန်လာခဲ့ရလို့ … အိမ်ပြန်ရောက်ပြီး အိပ်ရာထဲ ရောက်တဲ့အထိ မအိပ်ဘဲ အဖွားအိမ်ကို နောက်တခေါက်ပြန်လျှောက် အမေက ပြန်ချီပြီးခေါ်ရတဲ့ အထိ အတ္တကြီးခဲ့ဘူးတာ … (“အတ္တကြီးတဲ့ ကျွန်တော်” စာစုမှာ အကျယ်ဖတ်နိုင်ပါတယ်) …
စာမျက်နှာ (၁၄) - အပြောင်းအလဲ တစ်ခု စတင်ခြင်း … ရွာမှာ အလယ်တန်းပဲ ရှိတဲ့အတွက် (၉) တန်း တက်တော့ အဖေနဲ့ အမေက တာဝန်ကျတဲ့ ရွာကနေ ကျွန်တော်ကျောင်းတက်ဖို့ မြို့ကို ပြောင်းခဲ့တယ် … ပထမဆုံး ကိုးတန်းတက်ဖို့ မြို့ကိုသွားတော့ (၁၄) မိုင်ခရီးကို လမ်းလျှောက်သွားခဲ့တာ ပုံပြင်မဟုတ်တဲ့ တကယ့် ဇာတ်လမ်းပေါ့ … တစ်ဦးတည်းသော သားဖြစ်တဲ့ ကျွန်တော် ပင်ပန်းမှာ စိုးလို့ တာဝန်ကျရာ ရွာကို နေ့စဉ် ကျောင်းလှမ်းတက်ပြီး ကျွန်တော်ကျောင်းတက်မယ့် မြို့ကို ပြောင်းခဲ့ကြတာ မိဘတွေရဲ့ မေတ္တာ … အဖေနဲ့ အမေရွာက ကျောင်းတက်ပြီး ပြန်လာရင် ခရမ်းသီးတို့၊ ဘူးညွန့် တို့လို အသီးအနှံ အရွက်အညွန့်တွေ ဝယ်လာ မြို့မှာ အိမ်နီးနားချင်းတွေကို ပြန်ရောင်းရင်း တဖက်တလမ်းက ဝင်ငွေ ရှာကြတယ် … ။ (၉) တန်းဟာ ကျွန်တော့်အတွက် အသစ်အဆန်းတွေကြီးပဲ … (၈) တန်းအထိ ကျူရှင်တက်စရာမလိုဘဲ ဖြတ်ကျော်လာတဲ့ ကျွန်တော် (၉) တန်းမှာ ကျူရှင်တွေပြေးတက် … အကောင်သေးသေးလေးနဲ့ စာအုပ်အထူကြီးတွေပါတဲ့ ကျောပိုးအိတ်ကို လွယ်ရင်း အ.ထ.က (၁) ကို ရောက်ဖို့ တောင်ကုန်းတစ်ကုန်း ကျော်ပြီး ကျောင်းတက်ခဲ့ရတာ … (၁၀) တန်းအောင်ပြီးသား အစ်ကိုကြီးတွေနဲ့ ညည ဂစ်တာ လိုက်တီးတာ စသည်စသည်ဖြင့် ပျော်ပျော်ကြီး ဖြတ်သန်းရင်း ရလဒ်ကတော့ အဆင့်တွေကျသွား တာပါပဲ … ။
စာမျက်နှာ (၁၅) - (၁၀) တန်းရောက်တော့ ဂစ်တာလိုက်မတီးတော့ပေမယ့် စာကျက်တိုင်း ည (၈) နာရီ မကျော်တာပါပဲ … အမြဲတမ်း အိပ်ငိုက်လို့ အမေက နောက်နှစ်မှ ဖြေပါလားလို့ ပြောခဲ့ရသေးတယ်၊ ဒါပေမယ့် ကျောင်းအုပ်ဆရာကြီး ဦးသိန်းဆန်း လက်ထက်မှ စတင်ခဲ့တဲ့ ထူးချွန်ထက်မြက် စာမေးပွဲမှာ အဖေက အဆင့် (၁) က (၃) အတွင်း ဝင်ရင် ဆိုင်ကယ်ဝယ်ပေးမယ် ပြောလို့ ဆိုင်ကယ်လိုချင်စိတ်နဲ့ အိပ်ချင်စိတ်တွေ ပျောက်ခဲ့ပြီး စာတွေ အသည်းအသန်ကျက်ပြီး မြို့နယ်ထူးချွန်ဖြစ်လာတဲ့အပြင် (၁၀) တန်းအောင်ခဲ့တာလေ … အဲဒီတုန်းက ဆိုင်ကယ်စီးတဲ့ ကျောင်းသားက လက်ချိုးရေလို့ရတယ်လေ … ကျွန်တော်တို့ ၉တန်း(အေ) မှာ စည်သူဝင်းရယ် … သားငယ်ရယ် …. ညိုပြာရယ် (၃) ယောက်ပဲ ဆိုင်ကယ်စီးနိုင်တာ … ကျောင်းတက်ရင် တောင်ကုန်းကို ကျော်ရတော့ စက်ဘီးလည်း အဆင်မပြေတော့ ပျော်ပျော်ပါးပါး ကျောင်းတက်ရင်း တောင်တက်ကြတာပေါ့ … နှစ်စကအတိုင်းသာ သွားရင် သေချာပေါက် (၁၀) တန်းကျမှာ (အကျယ်ကို “ပြင်းပြတဲ့စိတ်ဆန္ဒ နဲ့ အလေ့အထ” စာစုမှာ ဖတ်ရှုနိုင်ပါတယ်) ။
စာမျက်နှာ (၁၅) မှာ ကျွန်တော့်အတွက် မှတ်မှတ်ရရ ရှိနေတာကတော့ ကျွန်တော့်ရဲ့ မြန်မာစာ ဆရာ ဦးဥာဏ်ထွန်း ပါ .. ဆရာနဲ့အတူ ဥာဏ်မြင့်မိုရ်ဆိုတဲ့ စာသင်စာကျက်ဝိုင်း စတင်ခဲ့သလို … စာပေမျိုးစေ့ အစလို့ ပြောရမယ့် အ.ထ.က (၁) ရဲ့ နံရပ်ကပ်စာစောင်ကို ကိုယ်တိုင်ဦးစီး အယ်ဒီတာလုပ်ခဲ့သလို ကိုယ်တိုင်လည်း စာတွေစရေးပြီး “စာပေဆိုင်ရာ ထူးချွန်ဆု” ရခဲ့ဖူးတယ် … ကျောင်းတွင်း စာစီစာကုံးပြိုင်ပွဲတွေရော၊ ပညာတန်ဆောင် စာစီစာကုံးပြိုင်ပွဲမှာရော ပထမ ဆုတွေ ရခဲ့ဖူးတယ် … ။
စာမျက်နှာ (၁၅) မကုန်ခင် ဆယ်တန်းဖြေပြီးတော့ ကျွန်တော် ရွာသား အူကြောင်ကြားလေး မဟာရန်ကုန် ရွှေမြို့တော်ကြီးကို ရောက်လာခဲ့ပါတယ် … ။ ကျွန်တော့် အိမ်မက်က R.I.T ကျောင်းတော်ကြီး ကို တက်ဖို့ ဒါပေမယ့် တစ်ရေးနိုးမှ အကြံပေါ် (၁၀) လပိုင်းအထိ အိပ်ငိုက်ရင်း စာကျက်လာတာ ထူးချွန်ထက်မြက် စာမေးပွဲဖြေခါနီးမှ အသည်းအသန်ကျက်လို့ အောင်လာတာ ဆိုတော့ အင်းစိန် နဲ့ လှည်းတန်း ဖြတ်သွားတိုင်း R.I.T ကျောင်းကြီးကို ငေးကြည့်ရုံကလွဲလို့ မတက်ခဲ့ရပါဘူး … (ကံကြမ္မာ တစ်ပတ်လည်လို့ Y.I.T မှာ စာသွားသင်ရတဲ့ အကြောင်းကို “စွဲလန်းတက်ပါစေ” စာစုမှာ ဖတ်ရှုနိုင်ပါတယ်)
ဒီိလိုနဲ့ မေဂျာတွေကျလာတော့ ပုသိမ်တက္ကသိုသ်မှာ အဏ္ဏဝါသိပ္ပံ ဆိုတဲ့ နာမည်လှလှ နဲ့ မေဂျာ ကို တက်ခွင့်ရခဲ့တယ် … ။ ကျွန်တော့်အတွက် အစိုးရိမ်တွေကြီးလွန်းတဲ့ မေမေ ပုသိမ်မြေအထိ လိုက်ပို့ရုံနဲ့မကဘူး … ပထမဆုံး တက္ကသိုလ်စတက်တဲ့နေ့မှာ မေမေက ဆိုက္ကားနဲ့ လိုက်ပို့တယ် … ။ အဏ္ဏဝါသိပ္ပံ မှာ ပထမနှစ်တစ်နှစ်လုံး ဘာသာရပ်အားလုံးကို ဆရာဦးလှတင့်(ယခု ရန်ကုန်အဝေးသင် တက္ကသိုလ် ပါမောက္ခချုပ်) တစ်ယောက်တည်း သင်ပေမယ့် …. ကျွန်တော်တို့ အားလုံးကို မပျင်းအောင် သင်ပေးခဲ့တယ် … ဘဝနေနည်းတွေ သင်ပေးခဲ့တယ် … ။ တက္ကသိုလ် နောက်ဆုံးနှစ်မှာ ကိုအေးရယ် … အစမ်းရယ် … မိုးကြီးရယ် .. ကျွန်တော်ရယ် (၄) ယောက်ပေါင်းပြီး AMKO Cyber Enterprise ဆိုတဲ့ လုပ်ငန်းလေး စလုပ်ဖြစ်ခဲ့ကြသေးတယ် … အတွေ့အကြုံတွေလည်း တော်တော်ရပါတယ် … ။
စာမျက်နှာ (၁၉) - ကျောင်းပြီးသွားတော့ ရိုးသားကြိုးစား ဧရာဝတီသားတို့ ပျော်စံရာ က နေ မဟာရန်ကုန် ရွှေ့မြို့တော်ဆီ ပြန်ရောက်လာခဲ့ပြန်ပါတယ် … ရန်ကုန်ပြန်ရောက်တော့ ရည်ရွယ်ချက်က နိုင်ငံခြားမှာ ကျောင်းဆက်တယ်မယ်ပေါ့ …. ဒါနဲ့ နိုင်ငံခြားမှာ ကျောင်းဆက်တက်မယ်ဆိုရင် အင်္ဂလိပ်စာ တော့ ဖြစ်ဖြစ်မြောက်မြောက် တတ်မှဖြစ်မယ် ဆိုပြီးတော့ အင်္ဂလိပ်စာ လေ့လာဖို့ ပြင်ဆင်ပါတော့တယ်။ ရန်ကုန်ကို ပြန်ရောက်တော့ (၁၀) တန်းပြီးတုန်းက နေတဲ့ အစ်ကို (၂) ယောက်ကလည်း နိုင်ငံခြား ထွက်သွားကြပြီ … အမျိုးတွေ အိမ်မှာလည်း မနေချင်တော့ ရှစ်မိုင်က သူငယ်ချင်း ဝကြီး @ ချစ်လွင်ဦး (ယခု ဂန္တဝင် မိုဘိုင်းလ် ဖုန်းဆိုင် ပိုင်ရှင်) အိမ်မှာ နေဖြစ်ခဲ့တယ် … သူကပဲ ကျွန်တော့်ကို ကျေးဇူးရှင် ဆရာကြီး ဦးမြကြိုင် သင်တန်းကို ခေါ်လာခဲ့တာ … သိပ်မကြာဘူး သူက စင်္ကာပူကို ထွက်သွားခဲ့ပြီးတော့ ကျွန်တော်ကတော့ ဆရာကြီးကျောင်းမှာပဲ ဆက်တက်နေတယ် … အဲဒီလိုနဲ့ ရှစ်မိုင်ကနေ လှည်းတန်းကို လှမ်းမတက်တော့ဘဲ ကျောင်းနားမှာပဲ နေဖို့ ဆုံးဖြတ်လိုက်တယ် … အခြေအနေအရ အဆောင်ငှားနေဖို့ လည်း သိပ်အဆင်မပြေတော့ … ဆရာကြီးကျောင်းဘေးမှာ မင်းမင်း@အညာသား၊ မာမီ @ အောင်ကိုဝင်း၊ ရာဇာ တို့ပေါင်းဖွင့်ထားတဲ့ လက်ဘက်ရည်ဆိုင်လေးမှာ ကပ်နေခဲ့တယ် …. မနက်အစောကြီး လှည်းတန်းဈေးထဲသွား တစ်နေ့စာ ချက်ပြုတ်စရာတွေဝယ် … ၊ ဆိုင်ခင်း … သင်တန်းတက် ၊ နေ့ခင်း ထမင်းစားဆင်းချိန် စားပွဲထိုး … နေ့ခင်းပိုင်း နားချိန်တွေမှာ စားပွဲထိုး … ညရောက်ရင် ဆိုင်ထဲမှာပဲ ခုံတွေစီပြီး အိပ်ခဲ့ကြတယ် … အဲဒီလိုနဲ့ ကြာလာတော့ အသစ်တက်တဲ့ ဂျူနီယာတွေကို ကိုယ်နားလည် သလောက် Ice Berry မှာ စာရှင်းပြဖြစ်တယ် … ။
အဲဒီကနေ ပထမဆုံး ရန်ကုန်မှာ စာစသင်တာ သီရိမြိုင် (၃) လမ်းမှာ … တစ်လကို ၅၀၀၀ ရပါတယ် … မှတ်တိုင်ကနေ သီရိမြိုင်လမ်းကို ဆိုက္ကားစီးရင် လစာပြုတ် မှာကြောင့် စာသွားသင်ရင် လမ်းလျှောက် … မှတ်တိုင်ကသွားရင် (၁၀) လပိုင်းလို အချိန်မျိုးမှာ ဘောလုံးကွင်းမှာ စွန်လွှတ်တဲ့သူတွေ … ဘောလုံးကန်တဲ့သူတွေ ကို ငေးကြည့်ရင်း ဖြတ်ခဲ့ရတဲ့ နေ့တွေ ရှိတယ် … စာသွားသင်ဖို့ ကားခမရှိလို့ ရုံးခန်းမှာ မစုဆီက တောင်းလိုက်/ချေးလိုက် နဲ့ သွားခဲ့ရတဲ့ နေ့တွေ ရှိတယ် … ကံဇာတာလေးကောင်းချင်တော့ ဆရာကြီးသင်တန်းဘေးက အန်တီတစ်ယောက် စပ်ပေးလို့ ရွှေတောင်ကြားက အိမ်တစ်အိမ် မှာ အင်္ဂလိပ်စာသင်ခွင့်ရခဲ့တယ် … အကြို/အပို့ ပါပြီး တစ်လကို ၁၅၀၀၀ ရပါတယ် … အဲဒီကနေ ကုက္ကိုင်းလမ်းပေါ်က အိမ်မှာ ဆက်သင်ရတယ် …
စာမျက်နှာ (၂၁) မှာ စာသင်နေရင်းနဲ့ပဲ ဆရာအမ်းယုမောင်နဲ့ မြို့ထဲကို လိုက်သွားရင်း မအူပင်က ငါးကန်မှာ အလုပ်လုပ်ဖို့ ဖြစ်လာတယ် … ဘဝရဲ့ အခြေအနေအရ စာသင်လို့ရတဲ့ ဝင်ငွေကလည်း ဖြစ်ဖြစ် မြောက်မြောက် အဟုတ်တော့ အလုပ်ကို ခေါင်းငြိမ့်လိုက်ပါတယ် … ထင်နေတာက မအူပင်မြို့နဲ့ မဝေးဘူးပေါ့၊ စနေ/တနင်္ဂနွေ ရုံးပိတ်ရက်မှာ ရန်ကုန်ပြန်လာ ဝိုင်းဆက်သင်မယ့်ပေါ့ … တကယ်ရောက် သွားတော့ ရန်ကုန်-ပုသိမ် ကားလမ်းပေါ်က ညောင်တုန်း၊ ဆားမလောက် အကျော်နားလေးမှာ ဆင်းပြီး စက်လှေနဲ့ ဆက်သွားရတယ် … ပနော်/ခနာ ဆိုတဲ့ ရွာလေးဘေးက ငါးကန်မှာ အဏ္ဏဝါ ဘဝ အစပြုခဲ့တယ် … တစ်နေ့ တစ်နေ့ ငါးတွေ … ဝန်ထမ်းတွေ နဲ့ လုံးချာလည်ရင်း အင်္ဂလိပ်စာနဲ့ လည်း ဝေးဝေး လာတယ် … ။
စာမျက်နှာ (၂၃) မှာတော့ အပြောင်းအလဲတွေ ဆက်ဖြစ်လာပြန်တယ် … ငါးကန်မှာနေရင်း ကျန်းမာရေး မကောင်းလို့ အလုပ်ထွက်ပြီး … ပြီး မဟာရန်ကုန် ရွှေမြို့တော်ဆီ ပြန်ရောက်လာပြန်ပါပြီ … အလုပ်မရှိတော့ ဝင်ငွေမရှိ … ဆေးကုထားတဲ့ အရှိန်နဲ့ အကြွေးတွေပါတင် … အင်္ဂလိပ်စာနဲ့လည်း ဝေးနေပီ ဆိုတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ လက်ကျန်ငွေလေး ထိုင်စားပြီး လှိုင်သာယာမှာ တစ်ယောက်တည်း လမ်းပျောက်နေပါတယ် … ဝေလေလေ လုပ်ရင်းနဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်ပါတယ် … အင်္ဂလိပ်စာ သင်တဲ့ အလုပ်ကိုပဲ လုပ်တော့မယ်လို့ …. ကျွန်တော်ကတော့ ရွာမပြန်တော့ဘဲ မေမေ့ကို ရန်ကုန် ခဏ ခေါ်ပြီး ဖြစ်ကြောင်းရယ် ကုန်စင်ကို ပြောပြပြီး အမေက ရွာကိုပြန်ခေါ်ပေမယ့် ခေါင်းမာတဲ့ ကျွန်တော် ရန်ကုန်မှာ ကျန်နေခဲ့တယ် … ဆရာကြီးဦးမြကြိုင်ကို တွေ့အကျိုးအကြောင်းပြောပြ၊ ကျောင်းမှာ နေခွင့်တောင်းပြီး အင်္ဂလိပ်စာလောက ကို ပြန်ခြေချ ခဲ့တယ် …. ဆရာကြီးကျောင်းမှာ ကြားရက် မနက် ၈ နာရီက ၉ ခွဲ တာဝန်ယူထားတဲ့ ဆရာစံလင်းက မိသားစုကိစ္စနဲ့ ဆက်မလုပ်ဖြစ်တော့လို့ အဲဒီအတန်းမှာ ဆရာကြီးကို ကူညီခွင့်ရခဲ့တယ် … ဒီလိုနဲ့ ကျွန်တော်စာသင်နေရင်း အင်္ဂလိပ်စာလေ့လာသူတွေ အတွက် ကိုယ်ရဲ့ အတွေ့အကြုံတွေကို Facebook မှာ ပြန်မျှဝေခဲ့တယ် … ။ Education Digest Journal မှာ အင်္ဂလိပ်ဘာသာစကား ဆိုင်ရာတွေ စပြီးတော့ အပတ်စဉ် ရေးဖြစ်ခဲ့တယ် … ။
စာမျက်နှာ (၂၅) မှာ ဆရာကြီးကျောင်းမှာ အတန်းမရှိတဲ့အချိန်တွေမှာ ရန်ကုန်မြို့မှာ ထီးဖြူ ဖိနပ်ပါးအောင် အိမ်ပေါက်စိ စာလိုက်သင်ဖြစ်တယ် … မြို့ထဲက အာမခံရုံးဘေးက တိုက်မှာ သင်တုန်းက တိုက်ကလည်း အမြင့်ကြီးရယ် သင်ရတာက ၇ လွှာမှာ … အပေါ်ကိုရောက်ရင် ရေတောင် ချက်ချင်း မသောက်နိုင်ဘူး … ပြီးတော့ ပါရီမီလမ်းပေါ်က တိုက်မှာလည်း အဲဒီလိုပဲ အရင်တုန်းက တိုက်ကြီး လှေကားထစ်တွေကလည်း အမြင့်ကြီးရယ် ၇ လွှာကို နေ့ခင်း ထမင်းစားပြီးတာနဲ့ ပြေးတက်ပြီး သင် … မိုးရာသီဆိုရင် ပုဆိုး အပိုလေး အိပ်ထဲမှာထည့် စာသင်မယ့် အိမ်ကိုရောက်ရင် ရေစိုပုဆိုးကို ဖြန့်ထားပြီး ပုဆိုးအခြောက်ကို လဲပြီး စာသင် … နောက်တစ်ဝိုင်းကူးရင် အစိုလေးပြန်ဝတ် … အဲဒီလိုတွေလည်း သွားခဲ့ ရတယ် … ။ တာမွေက စာသင်ပြီး အပြန် ရေတွေကြီးလို့ တာမွေပလာဇာက တက္ကသိုလ် ရိပ်သာလမ်း အထိ လမ်းလျှောက်ပြန်ခဲ့ရတာလည်း မှတ်မှတ်ရရပါပဲ …
စာမျက်နှာ (၂၆) မှာ ဆရာကြီးကျောင်းကနေ ဓမ္မာရုံလမ်းက ၈ ပေ ပတ်လည် အခန်းကျဉ်းလေးကို ပြောင်းနေခဲ့တယ် … အဲဒီအခန်းလေးကနေ အွန်လိုင်းပေါ်မှာ စာတွေ ပုံမှန်ရေးရင်း လေ့လာသူတွေ အဆင်ပြေစေဖို့ “အခမဲ့ အွန်လိုင်း အင်္ဂလိပ်ဘာသာစကား သင်တန်း” ကို စဖွင့်ခဲ့တယ် အပတ်စဉ် (၂) ခုမှာ အွန်လိုင်းက သင်တန်းသား/သူပေါင်း ၈၀၀၀ ကျော် ကို ပို့ချပေးခဲ့တယ် … အွန်လိုင်းက စာဖတ်သူတွေ တောင်းဆိုလို့ “အင်္ဂလိပ်ဘာသာစကား လေ့လာနည်း လမ်းညွှန်” စာအုပ်ကို ထုတ်ဝေပြီးတော့ ဒဂုံစင်တာ (၂) မှာ စာအုပ်မိတ်ဆက်ပွဲနဲ့အတူ အွန်လိုင်း သင်တန်းသား/သူများ တွေ့ဆုံဆွေးနွေးပွဲ၊ အင်္ဂလိပ်ဘာသာစကားဆိုင်ရာ ဟောပြောပွဲ ကို ပါ လုပ်ဖြစ်ခဲ့တယ် … ။ မန္တလေး၊ နေပြည်တော် တွေပါ ဆက်ပြီးတော့ စာအုပ်မိတ်ဆက်ပွဲ နဲ့ ဟောပြောပွဲ၊ အွန်လိုင်း သင်တန်းသား/သူများ တွေ့ဆုံဆွေးနွေးပွဲ တွေ ဆက်တိုက်လုပ်ခဲ့တယ် … မန္တလေးက ပြန်လာတော့ သံလမ်းက လေးလွှာ ဒါဘာခန်းမှာ စားပွဲဝိုင်း (၂) ဝိုင်းဆက်နဲ့ AELC (Acuity English Language Center) ကို စတင်ခဲ့တယ် … သင်တန်းစတဲ့ အချိန်မှာ တိုက်ခန်းငှားဖို့ ပိုက်ဆံ (၃) သိန်းတောင် လက်ထဲ မပြည့်ပါဘူး … အွန်လိုင်းသင်တန်းသား/သူ တွေရဲ့ တောင်းဆိုချက်ကြောင့် မျှော်လင့်ထားတာထက် စောပြီး သင်တန်းကို ဖွင့်ဖြစ်သွားတယ် … ။
စာမျက်နှာ (၂၇) မှာ စာအုပ်အသစ်ထပ်မထွက်နိုင်ပေမယ့် Barcamp နဲ့ အတူ ရန်ကုန်၊ မန္တလေး၊ ပြည်၊ မိထ္ထီလာ၊ မုံရွာ၊ စစ်ကိုင်း၊ ဟင်္သတ၊ တောင်ငူ၊ လာရှိုး စသည်စသည်ဖြင့် နိုင်ငံအနှံ့ လူငယ်တွေ အတွက် စိတ်ဓါတ်ခွန်အားဖြည့် အားပေးစကားတွေ မျှဝေပေးခဲ့တယ်။ AELC ကိုလည်း သံလမ်း (၄) လွှာက နေ ဘူတာရုံလမ်းက ဒုတိယနေရာဖြစ်တဲ့ မြေညီထပ်ကို ပြောင်းရွေ့ဖြစ်ခဲ့တယ်။ ဇာတိမြေမှာ သင်တန်းသား/သူ တွေနဲ့ စုပေါင်းပြီး စာကြည့်တိုက် တစ်ခု လှူဒါန်းဖြစ်ခဲ့တယ် စာကြည့်တိုက်မှူးကိုလည်း လစဉ် ၅၀၀၀၀ ခုချိန်အထိ ထောက်ပံ့ပေးနေတယ် … ။
စာမျက်နှာ (၂၈) မှာ “လူငယ်တွေ စဉ်းစားဖို့” ထုတ်ဝေဖို့ ပြင်ဆင်နေတုန်းမှာပဲ အွန်လိုင်း စာဖတ်သူတွေရဲ့တောင်းဆိုချက်နဲ့ “အားရှိတဲ့အချိန်မှာ ခုန်လိုက်ပါ” စာအုပ်ထွက်လာခဲ့တယ် … စာအုပ်မိတ်ဆက်ပွဲနဲ့အတူ မန္တလေး၊ မိထ္ထီလာ၊ စစ်ကိုင်း တွေကို ဟောပြောပွဲတွေ ဆက်တိုက် ပြောဖြစ်ခဲ့တယ်။ စာဖတ်သူတွေ တောင်းဆိုကြတဲ့အတိုင်း စာအုပ်ထွက်ပြီး (၁) လအတွင်း ဒုတိယအကြိမ် ပြန်ပုံနှိပ်ရတယ် အရောင်းရဆုံး နံပါတ် (၂) စာရင်းဝင်ခဲ့တယ် … (၃) လပိုင်းမှာ “လူငယ်တွေ စဉ်းစားဖို့” ထပ်ထွက်လာတယ် … ကျေးဇူးရှင် စာဖတ်သူများရဲ့ အားပေးမှုကြောင့် “လူငယ်တွေ စဉ်းစားဖို့” စာအုပ်လည်း အရောင်းရဆုံး နံပါတ် (၅) ဝင်ခဲ့ပါတယ် … (၁၀) လပိုင်းမှာ AELC ရဲ့ (၂) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ ခါတိုင်း သီးတင်းကျွတ် လက်အုပ်ချီမိုးပြီးတတ်နိုင်သလောက်လေး ကန်တော့ခဲ့တာကနေ ကျေးဇူးရှင်ဆရာကြီး ဦးမြကြိုင်ကို အခမ်းအနား နဲ့ ကန်တော့နိုင်ခဲ့တယ်။ AELC (၂) နှစ်ပြည့် နဲ့ အတူ “မြန်မာလူငယ်တွေ ဘာကြောင့် မအောင်မြင်တာလဲ” စာအုပ်ကို ထုတ်ဝေခဲ့တယ် … စာဖတ်သူများရဲ့ အားပေးမှုက ကျေးဇူးကမ္ဘာ မကပါ … “မြန်မာလူငယ်တွေ ဘာကြောင့် မအောင်မြင်တာလဲ” စာအုပ်လည်း အရောင်းရဆုံး နံပါတ် (၃) ဝင်ပါတယ် … ၁ လပိုင်းလောက်အထိ နံပါတ် ၇ နေရာမှာ ရှိနေပါသေးတယ်။ အမေ့ကိုလည်း ပင်စင်ယူခိုင်းပြီး ရန်ကုန်ခေါ်ထားနိုင်ခဲ့တယ် … အဖေကိုလည်း ပင်စင်ယူခိုင်းချင်ပေမယ့် အဖေ နဲ့ အမေက တစ်ကျောင်းတည်းမှာ တာဝန်ကျနေတာ ဆိုတော့ ကျောင်းအုပ်ကြီးက (၂) ယောက်လုံး တစ်ပြိုင်တည်း မယူဖို့ ပြောတဲ့အတွက် အဖေကတော့ တစ်နှစ် ဆက်သင်နေတုန်းပါ။
စာမျက်နှာ (၂၉) ကို စတင်လာတဲ့ ဒီနှစ်မှာ … AELC ရဲ့ (၃) နေရာမြောက် လက်ရှိ အခန်းကို ပြောင်းရွှေ့ခဲ့တယ် သင်တန်းသား/သူတွေ အတွက် သင်ကြားရေးသာမက အတတ်နိုင်ဆုံး ပြည့်စုံကောင်းမွန်တဲ့ စာသင်ခန်းဖြစ်အောင်ဖန်တီးပေးခဲ့တယ် … သင်တန်းကြေးကို လည်း တိုးမတောင်းခဲ့ဘူး … စာမျက်နှာ (၂၉) အထိ ဖြတ်သန်းမှုမှာ မသာယာခဲ့တဲ့ အချိန်တွေ … ပင်ပန်းဆင်းရဲ ခဲ့တဲ့အချိန်တွေ … က ပိုများပါတယ် … ဒါပေမယ့် “စိတ်ညစ်စရာရှိရင် ညစ်ပါတယ် … စိတ်ဓါတ်တော့ ဘယ်တော့မှ မကျပါဘူး” … ရှေ့ဆက်ပြီးလည်း ကိုယ်စွမ်း ဥာဏ်စွမ်းရှိသရွေ့ကြိုးစားနေမှာပါ ....
အောင်မြင်မှုဆိုတာ ခဏလေးနဲ့ ရလာတာမဟုတ်ပါဘူး … လူတိုင်း အောင်မြင်မှုကို ရနိုင်ပါတယ် … အရေးကြီးတာက ပန်းတိုင်မရောက်မခြင်း အလျော့မပေးဘဲ လျှောက်ဖို့ပါပဲ … ဘယ်တော့မှ အရှုံးမပေးပါနဲ့ … အောင်မြင်မှု ပန်းတိုင်ဟာ စောင့်နေပါတယ်လို့ ပြောရင်း
John C. Mexwell ရဲ့ စကားဖြစ်တဲ့ “Quitter never win, winner never quit” ဆိုတဲ့ စကားနဲ့ အဆုံးသတ်လိုက်ပါတယ် …
ကျွန်တော့် ရဲ့ စာမျက်နှာ (၂၉) မျက်နှာ ကို စိတ်ရှည်လက်ရှည် ဖတ်ပေးကြတဲ့ စာဖတ်သူများကို ကျေးဇူးအထူး တင်ရှိပါတယ် …
လူငယ်တိုင်း ဇွဲရည်သန်ပြီး အောင်မြင်မှု ပန်းတိုင်ကို အရောက်လှမ်းနိုင်ကြပါစေ …
မေတ္တာဖြင့်
အောင်ကိုဦး(UMK)
Be the Best !

Credit to Aung Ko Oo - UMK

Source => https://www.facebook.com/aungkouumk/posts/825018364291620:0

ကျေးဇူးတင်ပါတယ်။
Be Positive!
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment