Old Ways Won't Open New Doors


============================
ကမ္ဘာကျော် Motivation Speaker ကြီးဖြစ်တဲ့ Zig Ziglar ရဲ့ facebook Page မှာ ဖတ်လိုက်ရတဲ့ စာသားလေးပါ … စာသားလေးက တိုပေမယ့် အရမ်းကို အဓိပ္ပာယ် ရှိပါတယ်။ ကျွန်တော်တို့ ဘဝမှာ ရှိနေတဲ့ အသစ်သစ်သော အခွင့်အလမ်းတွေ အောင်မြင်မှုတွေကို ဖွင့်လှစ်နိုင်ဖို့အတွက် … အမြဲတမ်း update ဖြစ်နေဖို့လိုပါတယ် … ခေတ်နဲ့အညီ ဆန်းသစ်တဲ့ အမြင် တီထွင်ဖန်တီးမှု တွေ ရှိနေဖို့ လိုပါတယ် … ။ ဒီလိုပြောလို့ ရှေးထုံးကို ပယ်ခိုင်းတာတော့ မဟုတ်ပါဘူး … ၊ အတိတ်အခြေအနေကို နားလည်ရမှာ ဖြစ်သလို … အသစ်အသစ်တွေ အတွက် လည်း အဆင်သင့်ဖြစ်နေဖို့လိုပါတယ် … ။
ဒီစကားက ကျွန်တော့် ဘဝနဲ့ တိုက်ရိုက်ကျပါတယ် … ကျွန်တော် အင်္ဂလိပ်ဘာသာစကား ကို စတင်သင်ကြားနေတဲ့ အချိန်မှာ သူများတွေလိုပဲ … သူလို ကိုယ်လို အိမ်ပေါက်စိ ထီးဖြူ ဖိနပ်ပါးအောင် လိုက်လျှောက်သင်ရပါတယ် … ။ ကိုယ်ပိုင်သင်တန်းဖွင့်ဖို့လည်း အရင်းအနှီးမရှိပါ။ နောက်တစ်ခုက အိမ်လိုက်သင်တာက ကားခရှိရင်အဆင်ပြေပါပြီ … ဝိုင်းမရှိရင် ရေသောက်ပြီး ကြိတ်မှိတ်နေလို့ရပါတယ်။ သင်တန်းဖွင့်ရင်တော့ အဲဒီလိုမဟုတ်တော့ပါဘူး … ကုန်ကျစရိတ်တွေ များစွာရှိတဲ့အတွက် သင်တန်းသား/သူ တွေ ပုံမှန်ရှိဖို့ လိုပါတယ်။ သင်တန်းသား/သူတွေ ပုံမှန် ရဖို့ဆိုတာ နံပါတ် (၁) ကိုယ့်ရဲ့ အသင်အပြ ကောင်းရပါမယ် … စေတနာ ကောင်းရပါမယ် … ။ သင်တန်းသား/သူ တွေကို တကယ်တတ်အောင် သင်ပေးနိုင်ရပါမယ်။ ဒါဆိုရင် လူသတင်း လူချင်း ဆောင် ဆိုသလိုပဲ … ကောင်းရင် ကောင်းတယ် … မကောင်းရင် မကောင်းဘူး ပြောကြပါ လိမ့်မယ်။ ဒါပေမယ့် ကိုယ်သင်တဲ့ သင်တန်းသား/သူ တစ်ဝိုင်းမှာ (၅) ယောက် ရှိတယ် ဆိုကြပါစို့ … တစ်လကို တစ်ယောက်က ကိုယ့်ရဲ့ သင်ပြမှုကို ခန့်မှန်း (၁၀) ယောက်လောက် ပြောဖြစ်တယ် ထားဦး၊ အကြောင်းတိုက်ဆိုင်မှ … တစ်ယောက် နှစ်ယောက် အများဆုံး သုံးယောက် လောက်ပဲ လာတက်ဖြစ်မှာပါ။
ဒါဆိုရင် ကိုယ့်ရဲ့ အရည်အချင်းကို လူများများဆီကို ရောက်အောင် လူများများသိအောင် ဘယ်လို လုပ်ရမလဲ … ကြော်ငြာလည်း မထည့်နိုင်ဘူး … အဲဒီအချိန်မှာ နည်းပညာဆိုင်ရာတွေ မျှဝေ ပေးနေတဲ့ ဘလော့ဂ်ဂါ တွေကို သတိထားမိပါတယ် … အိုင်တီ၊ မိုဘိုင်းလ် နဲ့ ပက်သက်လို့ မျှဝေပေးနေတဲ့ ဘလော့ဂ်ဂါတွေ ရှိပေမယ့် ကျွန်တော်တို့ရဲ့ အင်္ဂလိပ်ဘာသာစကား ကဏ္ဍမှာ မျှဝေ ပေးတဲ့သူက မရှိသလောက်ပါ။ အဲဒါနဲ့ အွန်လိုင်းပလက်ဖောင်းကို အခြေချဖို့ ဆုံးဖြတ်လိုက် ပါတယ်။ အဲဒီ အချိန်မှာ … ဘလော့ဂ်ကို လူတွေက အာရုံစိုက်တာ နည်းစပြုပြီး facebook ကို အာရုံရောက်စ ပြုနေတဲ့ ၂၀၁၀ ဝန်းကျင်ပေါ့ အဲဒါနဲ့ facebook ပေါ်မှာ အင်္ဂလိပ်စာ လေ့လာနည်း (၁၀၁) သွယ် ဆိုပြီးတော့ အပတ်စဉ် သောကြာနေ့တိုင်း စတင်ပါတယ် … ပျော်ဖို့ကောင်းပါတယ် … တစ်ယောက်မှ Like မပေးကြပါဘူး … ။ ဒီလိုနဲ့ ရေးလာလိုက်တာ … ၂၀၁၀ အလယ်ပိုင်းလောက်က စရေးတာ ၂၀၁၁ မှာ နည်းနည်း သတိထားတဲ့သူတွေ ရှိလာတယ်။ ၂၀၁၂ မှာ အတိုင်းအတာ တစ်ခုအထိ ပုံမှန် ဖတ်တဲ့သူတွေ ရှိလာတယ် … ။ အဲဒါနဲ့ ၂၀၁၃ ခုနှစ်မှာတော့ ကိုယ့်ရဲ့ အင်္ဂလိပ်ဘာသာစကား ဆိုင်ရာ လမ်းညွှန်တွေနဲ့ သင်ခန်းစာတွေ ကို ပုံမှန် လုပ်ဖြစ်အောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ သင်ခန်းစာတွေကို အီးမေးလ် ပို့ပေးမယ် အဖြေတွေကို တစ်ပတ်တစ်ခါ ပြန်ပို့ ဆိုပြီးတော့ “အခမဲ့ အွန်လိုင်း အင်္ဂလိပ်ဘာသာစကား သင်တန်း” ဆိုပြီး လုပ်လိုက်တာ … ထင်ထားထက် အံ့သြဖို့ကောင်းသွားတယ် … ၃ ရက်လောက် မိနစ်မခြား ဖုန်းတွေ ဆက်တိုက်ဖြေရတယ် … စာသင်ချိန်တွေမှာ မဖြေအားတော့လို့ 1876 ကို လွှဲပေးထား ရတဲ့အထိ … ဖုန်းဆက် စုံစမ်းကြတယ် …၊ DVB, နေပြည်တော် မြန်မာ့ အသံ၊ Cherry FM ၊ Thazin FM ၊ Eleven ၊ Internet အစရှိတဲ့ ရုပ်သံမီဒီယာ၊ ပုံနှိပ်မီဒီယာ တော်တော်များများက အင်တာဗျူးတွေ မေးကြတယ် … သတင်းတွေ ရေးကြတယ် … ။
အပတ်စဉ် (၁) မှာ သင်တန်းသား/သူ ပေါင်း 4600 ကျော်ကို ပို့ချပေးနိုင်ခဲ့တယ် … ၊ MPT က အဝိုင်းလည်နေတဲ့ အင်တာနက်လိုင်းနဲ့ … ငွေဖြည့်ကဒ် 5000 တန်တစ်ကဒ်ကို ၂ ရက်နှုန်းနဲ့ အခက်အခဲတွေ အများကြီးကြားထဲက ကြိုးစားပို့ချပေးခဲ့တယ် … အွန်လိုင်းကနေ တတ်နိုင်တဲ့ဖက်က ဝိုင်းဝန်း ကူညီပေးခဲ့ကြတဲ့ သူတွေလည်း အများကြီးပါ … ။ ဒီလိုနဲ့ ကျွန်တော် facebook ပေါ်မှာ ရေးနေတဲ့ စာတွေဟာ Education Digest Journal, Academic Weekly Educational Journal, Union Daily Newspaper စတဲ့ ပုံနှိပ်စာမျက်နှာတွေ ပေါ်ရောက်လာတယ် .. ပြီးတော့ ပထမဆုံး စာအုပ်ဖြစ်တဲ့ အင်္ဂလိပ်ဘာသာစကား လေ့လာနည်းလမ်းညွှန် ဆိုတဲ့ စာအုပ်ကို ထုတ်ဖြစ်တယ် … စာအုပ်မိတ်ဆက်ပွဲ နဲ့ အွန်လိုင်း သင်တန်းသား/သူများ တွေ့ဆုံပွဲကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် (၃) နေရာ မှာ လုပ်ခဲ့တယ် … တစ်ခါမှ မမြင်ဘူးတဲ့ အွန်လိုင်းပေါ်မှာပဲ သိခဲ့ကြတဲ့ သင်တန်းသား/သူတွေ အခြင်းခြင်း တွေ့ကြတဲ့အခါ ရင်ခုန်စိတ်လှုပ်ရှားမှု များစွာနဲ့ ဝမ်းသာပီတိ ဖြစ်ရပါတယ် … အဲဒီလိုနဲ့ အွန်လိုင်း သင်တန်းသား/သူများ တွေ့ဆုံပွဲ (ရန်ကုန်) ကို တက်ရောက် လာကြတဲ့ သင်တန်းသား/သူ တွေအချို့က သင်တန်းဖွင့်ဖို့ တောင်းဆိုတာနဲ့ AELC က စတင်ပြီး ဖြစ်တည်လာခဲ့တာပါ … ။
ဒီလိုနဲ့သင်တန်းသား/သူတွေ ပြောဖြစ်တဲ့ စကားစုတွေ … ဖတ်မိတဲ့ စိတ်ဓါတ်ခွန်အားဖြည့် စာစုတွေကို … ဆက်ရေးဖြစ်ခဲ့တယ် … အဲဒီမှာ ကျွန်တော့်ရဲ့ facebook အကောင့်က အင်္ဂလိပ်စာ တွေရော … အခြားစာတွေပါ ရောထွေးနေတဲ့အတွက် AELC သင်တန်း page နဲ့ ယခု လက်ရှိ Aung Ko U (UMK) ဆိုတဲ့ စာရေးသူ page နှစ်ခုခွဲပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် သပ်သပ်စီ သိနားလည်သလောက် ဝေမျှပေးနိုင်ခဲ့တယ် … ကျွန်တော် … စာပေမြှင့်တင် လူစွမ်းအင်ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ရည်ရွယ်ခဲ့ပါသေးတယ် …ဒါပေမယ့် မပြိုင်တော့ဘဲ … ကိုယ့်တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားရင်း … ကျွန်တော့်ရဲ့ ဆောင်ပုဒ်အတိုင်း မမျှော်လင့်ဘဲ အတတ်နိုင်ဆုံး လုပ်ခဲ့တဲ့ အတွက် စာဖတ်သူများပေးတဲ့ မေတ္တာကြောင့် ထွက်ရှိခဲ့တဲ့ စာအုပ်တွေ မမျှော်လင့်ရဲဘူး တဲ့ အရောင်းရဆုံး စာရင်းဝင်တဲ့ အထိ ရပ်တည်နိုင်ခဲ့တယ် …. ။
ဒါကြောင့် လူငယ်တွေ အနေနဲ့ သက်ဆိုင်ရာ နေရာ တစ်နေရာမှာ ရပ်တည်နိုင်ဖို့ … အရည်အချင်းဖြည့်ပါ … အကောင်းဆုံးလုပ်ပါ … စေတနာထားပါ … အမြဲတမ်း ခေတ်နဲ့ အမှီ လိုက်လျောညီထွေ ဖြစ်အောင် … ကိုယ့်ကိုယ်ကို update လုပ်နေပါ လို့ ကျွန်တော့်ရဲ့ အတွေ့အကြုံလေးကို မျှဝေလိုက်ပါတယ် … ထိုက်တန်တဲ့ နေရာတစ်နေရာတော့ ပိုင်ဆိုင် နိုင်ကြမယ် လို့ ယုံကြည်ပါတယ် … ။
ဒီစကားလေးဟာ ကဏ္ဍအသီးသီးမှာ ဆက်ချဲ့ပြီး တွေးရင် တွေးသလောက် ရနိုင်ပါသေးတယ်။ ကျွန်တော် တွေးမိသမျှ မျှဝေလိုက်တာနဲ့တင် ရပ်မထားဘဲ ဆက်လက် ဆပွားတွေးရင်း … အခွင့်အလမ်း အသစ်အသစ် … အောင်မြင်မှု အသစ်သစ်တွေရဲ့ တံခါးတွေကို ဆက်လက် ဖွင့်နိုင်ပါစေလို့ …. ဆန္ဒပြုရင်း ………………
မေတ္တာဖြင့်
အောင်ကိုဦး(UMK)
Be the Best !

Credit to Aung Ko Oo - UMK

Source => https://www.facebook.com/aungkouumk/posts/826691704124286:0


ကျေးဇူးတင်ပါတယ်။
Be Positive!
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment