လူငယ်တွေ စာဖတ်ဖို့ …



ဒီဆောင်းပါးခေါင်းစဉ်ကို ဖတ်လိုက်တာနဲ့ လူငယ်တွေ စာမဖတ်ကြလို့ စာဖတ်ဖို့ တိုက်တွန်းတဲ့ ဆောင်းပါးလို့ ယေဘုယျ ထင်နိုင်ပါတယ်။ အဓိကပြောချင်တာက ဒီထက်ပိုပါတယ်။ ဒီနေ့ခေတ်အချိန်မှာ “လူငယ်တွေ စာမဖတ်ကြဘူး၊ အွန်လိုင်းသုံးပြီး အချိန်တွေကုန်နေတယ်၊ နည်းပညာတွေနောက် လိုက်ရင်း နှလုံးသားတွေ မာကျောလာကြတယ်၊ ရသစာပေတွေ မဖတ်ကြတော့ဘူး” စတဲ့ စတဲ့စကားသံတွေ ကြားနေရပါတယ်။ ကျွန်တော် ခေါင်းစဉ်တစ်ခုကို တွေးတဲ့အခါ Why? ကို အမြဲတမ်း စဉ်းစားပါတယ်၊ ပြီးရင် How? ကို ဆက်စဉ်းစားပါတယ်။ ခုလည်း ဒီဆောင်းပါးကို ရေးဖို့အတွက် ခုဏကပြောခဲ့တဲ့ စကားတွေ ဖြစ်လာတဲ့စေတဲ့ ရင်းမြစ် Why? ကို စပြီး စဉ်စားကြည့်ပါတယ်။ လူငယ်တွေ ဘာကြောင့် စာဖတ်အားနည်း ကြတာလဲ? အဲဒါကို စဉ်းစားရင်းနဲ့ လူကြီးတွေ တော်တော်များများရော စာဖတ်ကြပါရဲ့လား? ထပ်ပြီး စဉ်းစားပါတယ်၊ တစ်နိုင်ငံလုံး အတိုင်းအတာ ဘာကြောင့်စာဖတ် အားနည်းတာလဲ?
နံပါတ်-၁ မေးခွန်းက စပြီး ကျွန်တော်နားလည်သလောက် ဖြေကြည့်ပါမယ်။ လူငယ်တွေ စာဖတ်ဖို့အတွက် မိမိတို့ရဲ့ အိမ်တွေမှာ ကိုယ်စီကိုယ်စီ ပြန်ကြည့်ကြည့်ပါ၊ စာအုပ်စင် ဘယ်လောက် ကြီးကြီးရှိပါသလဲ? စာအုပ်စင်မှာ စာအုပ်ဘယ်လောက်များများ ရှိပါသလဲ? အဲဒီကတဆင့် ကျောင်းကို ရောက်လာတဲ့အခါ မူလတန်း၊ အလယ်တန်း နဲ့ အထက်တန်းဘဝတွေအထိ၊ တက္ကသိုလ် အပါအဝင် ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ ကျောင်းတွေမှာရော စာကြည့်တိုက် ဘယ်လောက်ကြီးကြီးရှိပါသလဲ?၊ စာအုပ်တွေ ဘယ်လောက်များများ စုံစုံလင်လင်ရှိပါသလဲ? ဒါအပြင်လုပ်ငန်းခွင်လို့ လောကနယ်ပယ်ကို ရောက်တဲ့အခါ ရပ်ကွက်၊ မြို့နယ်၊ နိုင်ငံအဆင့်အထိ စာကြည့်တိုက်တွေ ဘယ်လောက်အထိ အသက်ဝင်နေပါသလဲ? စာဖတ်ပရိတ်သတ်များ စဉ်းစားကြည့်ကြပါ။ စာဖတ်ခြင်း အလေ့အထဆိုတာ ငယ်စဉ်ကတည်းက မိဘက ပြုစုပျိုးထောင်ပေးဖို့ လိုပါတယ်။ ကိုယ်ရည်သွေးတယ်တော့ မထင်စေလိုပါ၊ ကျွန်တော့်အကြောင်းကိုပဲ ပြန်ပြောကြည့်ပါမယ်၊ ကျွန်တော်ငယ်ငယ်လေးကတည်းက ကျွန်တော့်အဖေက ရွှေသွေးစာစောင်တွေ ဝယ်လာပေးပါတယ်၊ အဲဒီကတဆင့် အဖေ့စာအုပ်စင်က စာအုပ်စာပေ အမျိုးအစားပေါင်း မြောက်များစွာနဲ့ ကြီးပြင်းခဲ့ရပါတယ်။ ဒါတင်မက ရွာမှာ ကျောင်းသားသမဂ္ဂက လုပ်ထားတဲ့ စာပေဝါသနာရှင်လူငယ်များ စာကြည့်တိုက် ကိုပုံမှန်သွားတတ်လာခဲ့တယ်၊ ဆယ်တန်း တက်တော့ ကျွန်တော့်လိုအရွယ်တွေ သိပ်သွားလေ့မရှိကြတဲ့ ပြန်/ဆက် စာကြည့်တိုက်ကို သွားတယ်၊ ဆယ်တန်းအောင်တော့ ကိုယ်ပိုင်စာအုပ် အငှားဆိုင်လေးဖွင့်တယ်၊ တက္ကသိုလ် ရောက်တော့လည်း စာအုပ်ဆိုင်၊ စာကြည့်တိုက်ကို ဆက်သွားတယ်။ အသက်အရွယ်ပြောင်းလာတဲ့အခါ ဖတ်တဲ့ စာအမျိုးအစား တွေတော့ ကွာခြားလာပါလိမ့်မယ်။ ဘာစာအမျိုးအစားပဲဖြစ်ဖြစ် အရေးကြီးတာက စာဖတ်တဲ့ အလေ့အထ အမြစ်တွယ်လာအောင် စတင်ပျိုးထောင်ပေးဖို့လိုပါတယ်။ စာဖတ်သက်ရလာတဲ့အခါ စာအုပ်အမျိုးအစားကို သူ့ဝါသနာနဲ့သူ ရွေးချယ်သွားပါလိမ့်မယ်။ စာဖတ်တဲ့ အလေ့အထ အမြစ်တွယ်လာတဲ့အခါ စာဖတ်ဖို့နေရာ တနည်းပြောရင် စာအုပ်စာပေတွေရှိတဲ့ ပတ်ဝန်းကျင်လိုပါတယ်။ စာဖတ်ခြင်း အလေ့အကျင့် တကယ်အမြစ်တွယ်လာတဲ့အခါ စာဖတ်ဖို့ ပတ်ဝန်းကျင်ကို တွေ့အောင်ရှာဖွေပါလိမ့်မယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ကလည်း အဆင်သင့်ရှိရင်တော့ ပိုအဆင်ပြေတာပေါ့။ “မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း” အပါအဝင် အသင်းအဖွဲ့တွေသာမက၊ တစ်ဦးချင်းစီလည်း မြန်မာနိုင်ငံ တစ်နံတစ်လျားမှာ စာကြည့်တိုက်တွေ ဖြစ်မြောက်အောင် ကြိုးစားဆောင်ရွက် နေကြပါတယ်၊ ဒါပေမယ့် ကိုယ့်နေအိမ်မှာ လည်း မိသားစု စာအုပ်စင်/ စာကြည့်တိုက်လေးတွေနဲ့ စာဖတ်ခြင်း အလေ့အထကို စတင် ပြုစုပျိုးထောင် ပေးဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် ဒီနေ့ခေတ်အချိန်မှာ နည်းပညာတွေ တိုးတက်ပြောင်းလဲလာတာနဲ့ အမျှ နယ်ပယ် အသီးသီးဟာ နည်းပညာနဲ့ ပေါင်းစပ်ပြီး လုပ်ကိုင်လာကြရပါတယ်။ လုပ်ငန်းတော်တော်များများ ဟာလည်း အွန်လိုင်းပေါ်မှာ စတင်ခြေချလာကြ ပါတယ်။ ကမ္ဘာကျော် မဂ္ဂဇင်းကြီးဖြစ်တဲ့ News Week ဟာ ခုအချိန်မှာ Printed Media ကို လုံးဝစွန့်လွှတ်ပြီး Online Media အဖြစ်ပြောင်းလဲသွားခဲပါပြီ။ အချို့ကလည်း နှစ်မျိုးလုံးကို ပူးတွဲလုပ်ကိုင် နေကြပါတယ်။ မြန်မာပြည် မှာတော့ Online Media သက်သက်ရပ်တည်ဖို့ အကြောင်းအမျိုးမျိုးကြောင့် မဖြစ်နိုင်သေးပါဘူး။ ဒီနေ့ခေတ်လူငယ်တွေ တော်တော်များများဟာ နေ့စဉ်နေ့တိုင်း အွန်လိုင်းကို သုံးနေကြတယ်၊ အဲဒီအွန်လိုင်းသုံးနေကြတဲ့ လူငယ်တွေကို “မင်းတို့ အွန်လိုင်း မသုံးကြနဲ့” လို့ ပြောလို့ရမှာ မဟုတ်ပါဘူး။ မကောင်းတာနဲ့ ကောင်းတာဆိုရင် နဂိုကတည်းက မကောင်းတဲ့ဘက်ကို တိမ်းညွှတ်တတ်တဲ့ လူ့သဘာဝအရ အွန်လိုင်းပေါ်မှာလည်း မကောင်းတဲ့ဘက် နဲ့ ကောင်းတဲ့ဘက် ဘယ်ကများနေမလဲ? ကောင်းတဲ့နေရာများလာအောင် ကျွန်တော်တို့ တတ်စွမ်းတဲ့ဘက်က ကြိုးစားကြဖို့ လိုပါတယ်။ ဒါဆိုဘယ်လိုလုပ်မလဲ? ကျွန်တော်တို့ စာရေးသူတွေက Printed Media အပြင် Online Media မှာလည်း ကျွန်တော်တို့ရဲ့ စာပေတွေကို မျှဝေပေးဖို့လိုပါတယ်။ ကိုယ်ပိုင် website တွေ မလုပ်နိုင်သေးရင်လည်း အွန်လိုင်းသုံးသူတိုင်းလောက် သုံးနေကြတဲ့ facebook ကနေ ကိုယ်ပိုင် Page ထောင်ပြီး ရေးလို့ရပါတယ်။ ဒီမှာတစ်ခုပြောစရာတစ်ခုရှိပါတယ် … စာရေးသူတွေက အလုပ်မအားကြဘူး၊ အချို့ကလည်း နည်းပညာ မကျွမ်းကျင်ဘူး စတဲ့ အခက်အခဲတွေလည်း ရှိနိုင်ပါတယ်။ ဒါကလည်း ထင်သလောက်မခက်ပါဘူး သူတို့ကို ကူညီပေးနိုင်တဲ့၊ ကူညီပေးချင်ကြတဲ့ လူငယ်တွေအများကြီးရှိပါတယ်။ ထွက်ပြီးသမျှ စာအုပ်တွေကို ရိုက်ပြီးတင်တာဖြစ်ဖြစ် Scan ဖတ်ပြီး PDF နဲ့ တင်တာပဲ ဖြစ်ဖြစ် အဆင်ပြေ သလို တင်ပေးလို့ရပါတယ်။ အွန်လိုင်းပေါ်မှာ စာပေတွေ တစ်စိုက်တစ်မတ် တင်ပေးနေကြတဲ့ “0n Air စာအုပ်၊ စာပေ၊ ဟာသ၊ ကဗျာ၊ နှင့်အခြားသောအရာများ၊ မြန်မာ စာအုပ်များ၊ Free Myanmar Books Download ” စတဲ့ Page တွေလည်း ရှိကြပါတယ်။ (ကျွန်တော်ကိုယ်တိုင်လည်း “စာအုပ်၊စာပေ လူ့မိတ်ဆွေ” Page မှာ စုဆောင်းထားတဲ့ စာအုပ်တွေကို တင်ပေးနေပါတယ်။) ဒါတွေက စာပေဝါသနာပါတဲ့ လူငယ်တွေက လုပ်နေကြတဲ့ Page တွေပါ၊ စာရေးသူတွေရဲ့ Official Page တွေမဟုတ်ကြပါဘူး၊ ကျွန်တော်တို့က “ပုဂ္ဂိုလ်ခင်မှ တရားမင်တယ်” ဆိုတဲ့စကားလိုပဲ လူတွေဟာ တဆင့်ခံထက်စာရင် တိုက်ရိုက် source ကို ပိုအာရုံစိုက်တတ်ကြပါတယ်။ ဥပမာ - လူငယ့်ရေးရာတွေ၊ ဘဝအောင်မြင်ရေး အကြောင်းအရာတွေကို ကျွန်တော်လည်း ရေးပါတယ်၊ ဆရာဖေမြင့်၊ ဆရာချစ်နိုင် (စိတ်ပညာ) တို့လည်း ရေးကြပါတယ်၊ ဒါပေမယ့် တစ်ချို့အကြောင်းအရာ တစ်ခုနဲ့ ပတ်သက်လို့ Concept ခြင်း တူခဲ့ရင်တောင်မှ ကျွန်တော်ရေးတာထက် ဆရာကြီးတွေ ရေးတာက ပရိတ်သတ်ကို ပိုထိရောက် ပါတယ်။ ကျွန်တော် ရေးတာခြင်း အကြောင်းအရာတူခဲ့ရင်တောင် လွန်ခဲ့တဲ့ ၃-နှစ်က ရေးတာ/ ပြောတာနဲ့ ခုအချိန်မှာ ရေးတာ/ပြောတာကို ပရိတ်သတ်က လက်ခံတာခြင်း မတူပါဘူး။ ဒါကြောင့် စာရေးသူတွေကို Printed Media အပြင် Online Media ကိုလည်း သုံးပြီး စာပေတွေဖြန့်ဝေပေးကြဖို့ မေတ္တာရပ်ခံချင်တာပါ။
လူငယ်တွေ စာဖတ်ဖို့အတွက် စာဖတ်ခြင်း အလေ့အကျင့်ကို ပျိုးထောင်ပေးဖို့လိုပါတယ်။ စာအုပ်စာပေတွေ ရှိတဲ့ ပတ်ဝန်းကျင်တွေ ဖန်တီးပေးဖို့လိုပါတယ်။ လူငယ်တွေ စာဖတ်နိုင်မဲ့ ပတ်ဝန်းကျင် တွေကို အားလုံး လက်တွဲပြီး သက်ဆိုင်ရာ နယ်ပယ်အလိုက် ဖန်တီးပေးကြဖို့ ရည်ရွယ် ရေးသား လိုက်ပါတယ်။
အောင်ကိုဦး (UMK)
Be the Best !

Credit to Aung Ko U - UMK

Source => https://www.facebook.com/aungkouumk/posts/470399559753504:0

ကျေးဇူးတင်ပါတယ်။
Be Positive!
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment