စကတည်းက ငွေနောက်မလိုက်ပါနဲ့



စကတည်းက ငွေနောက်မလိုက်ပါနဲ့
++++++++++++++++++++
ကျွန်တော်ရဲ့ သင်တန်း AELC မှာ Reception အတွက် ဒီနေ့ အင်တာဗျူး လုပ်ပါတယ် ...။ အလုပ်ချိန်က မနက် ၈ နာရီ က ညနေ ၆ နာရီပါ ... ။ ပိတ်ရက်က တစ်ပတ် တစ်ရက် သောကြာနေ့ပါ။ အစမ်းခန့် ကာလမှာ လစာ ၁၂၀၀၀၀ နဲ့ အတည်ပြုခန့်ရင် ၁၅၀၀၀၀ ပါ၊ ယူနီဖောင်းပေးပြီး မနက်စာကျွေးပါတယ်။ လုပ်ငန်းတာဝန်က သင်တန်းစုံစမ်းတာကို လူကိုယ်တိုင် ရှင်းပြရမှာဖြစ်သလို၊ ဖုန်းနဲ့လည်း ဖြေပေးရပါမယ်။ သင်တန်းသား/သူ စာရင်းတွေ သွင်းတာ၊ ကျောင်းသားကဒ် တွေ စတာတွေ လုပ်ရတဲ့အတွက် ကွန်ပျူတာ အခြေခံနဲ့ Photoshop နည်းနည်းပါးပါးလောက် ရဖို့လိုပါတယ်။ Photoshop မရရင်လည်း သင်ပေးမှာပါ။ လာဖြေကြတဲ့ အထဲမှာ တက္ကသိုလ်တက်နေတဲ့ လူငယ်တွေ ပါသလို ကျွန်တော်နဲ့ ရွယ်တူ တစ်ယောက်တောင် ပါပါတယ်။ အဲဒီအထဲမှာ ချောင်းသာက ဟိုတယ် တစ်ခုမှာ Reception လုပ်ဖူးတဲ့ လူငယ်လေးတစ်ယောက်က လစာ ၁၂၀၀၀၀ နဲ့ စမလုပ်နိုင်ဘဲ ၁၅၀၀၀၀ စတောင်းပါတယ်။ တကယ်တော့ သူအနေနဲ့ဆိုရင် AELC ဟာ မိမိကိုယ်ကို ရင်းနှီးမြှပ်ဖို့ အကောင်းဆုံးနေရာ တစ်ခုပါ၊ ဘာဖြစ်လို့လည်းဆိုတော့ သူက ဟိုတယ်ပိုင်းကလာတဲ့အတွက် နိုင်ငံခြားထွက်ဖို့ဖြစ်စေ ... ပြည်တွင်း ဟိုတယ်ကြီးတွေမှာ လုပ်ချင်ရင်ဖြစ်စေ အဓိက လိုအပ်ချက်ဖြစ်တဲ့ အင်္ဂလိပ်ဘာသာစကားကို အလုပ်လုပ်ရင်း ကျွဲကူးရေပါ တစ်ခါတည်း သင်ယူ လေ့လာသွားလို့ရပါတယ် ...။
တစ်နှစ်လောက်သာ သူက ဒီမှာ အခြေချလိုက်ရင် အင်္ဂလိပ်ဘာသာစကားကို အတိုင်းအတာ တစ်ခုအထိ သူ ရသွားမှာ သေချာပါတယ်။ တကယ်လို့ ၁၂၀၀၀၀ ဆိုတဲ့ လစာနဲ့ဆိုရင်တောင် တစ်လကို ၃၀၀၀၀ နည်းတာ တစ်နှစ်ကို ၃၆၀၀၀၀ လျော့သွားပေမယ့် အပြင်မှာ သင်တန်းတက်မယ် ဒါမှမဟုတ် အလုပ်တစ်ဖက်နဲ့ သင်တန်းကို တက်မယ်ဆိုရင် သင်တန်းတက်ရမယ့် အချိန်နဲ့ဒီမှာ အလုပ်လုပ်ရင်း တပြိုင်တည်း တက်လို့ရမယ့် အချိန်နဲ့ ကျွန်တော့်သင်တန်းက အရွယ်ပေါင်းစုံ၊ ရာထူးအဆင့်အတန်း ပေါင်းစုံ လာတက်ကြတဲ့အတွက် ဒီထက်မြင့်တဲ့ လုပ်ငန်းတစ်နေရာကို ပြောင်းချင်ရင်တောင် အဆက်အသွယ်ကောင်းကောင်း ရနိုင်ပါသေးတယ်။ ဥပမာ - Air KBZ ရဲ့ Deputy General Manager / KBZ Bank က Manager / Smart Group of Company ရဲ့ General Manager / Sedona Hotel ရဲ့ Font Office Manager အစရှိတဲ့ သူမျိုးတွေပါ လာတက်ကြပါတယ်။ သက်ဆိုင်ရာ ကုမ္ပဏီတွေက လူလိုတဲ့အခါလည်း သင်တန်းကို အမြဲလိုလို လှမ်းတောင်းလေ့ ရှိပါတယ်။
ကျွန်တော် ဆရာကြီး ဦးမြကြိုင်မှာ စပြီးသင်တန်းတက်တော့ ၈-မိုင်က နေ တက်ပါတယ်။ ကျွန်တော်က တစ်ချိန်၊ နှစ်ချိန်လောက် တက်ပြီး သွားလိုက်/ ပြန်လိုက် လုပ်နေရတာထက် တစ်နေကုန် သင်တန်းတက်ချင်တော့၊ ငွေရေးကြေးရေး အခြေအနေအရ လှည်းတန်းဝန်းကျင်မှာ အဆောင်လည်း မနေနိုင်တော့ သင်တန်းဘေးက အညာသားတို့ ဖွင့်ထားတဲ့ လက်ဘက်ရည် ဆိုင်လေးမှာ စားပွဲထိုး၊ ဈေးဝယ် စသဖြင့် ကူညီလုပ်ပေးပြီး နေရင်း တက်ခဲ့တာပါ။ မအူပင်က အလုပ်ထွက်ပြီး ဆရာကြီးဦးမြကြိုင်ကျောင်းကို ဒုတိယ အကြိမ်ပြန်လာတော့ ဆရာကြီးကျောင်းမှာ နေခွင့်မရသေးခင် ရုံခန်းက မစုတို့ စာအုပ်ထားတဲ့ အောင်မြေသာစည်အိမ်ရာ က စာအုပ်ထားတဲ့ အခန်းနဲ့ ဆရာကြီးကျောင်းမှာ တစ်လှည့်စီနေရင်း နောက်မှ ဆရာကြီးကို ခွင့်တောင်းပြီး ကျောင်းမှာ ပြန်နေ၊ ကျောင်းသန့်ရှင်းရေးလုပ်၊ ခုံစီ၊ အိမ်သာဆေး ဘဝနဲ့ စနေခဲ့တာပါ၊ အဲဒီကမှ အတန်းကိုင်တဲ့ လက်ထောက်ဆရာ ဖြစ်လာတာပါ။ ကျွန်တော် ဆရာကြီး ဦးမြကြိုင်ကျောင်းက ငွေမရခဲ့ပေမယ့် ကျွန်တော့်ဘဝအတွက် ထမင်းတစ်လုပ်ကို လိပ်ပြာသန့်သန့်နဲ့ စားရမယ့် အင်္ဂလိပ်ဘာသာစကား သင်ကြားရေးပညာတွေကို ရခဲ့ပါတယ် … ။ ကျေးဇူးရှင် ဆရာကြီး ဦးမြကြိုင်ကြောင့် ကျွန်တော် အင်္ဂလိပ်စာသင်ကြားရေးဘဝမှာ ကောင်းကောင်းရပ်တည်နိုင်တာပါ။
အရင်က ရေးခဲ့ဘူးတဲ့ စာစုမှာလည်း ပြောခဲ့ပါပြီ၊ ငွေကို မကြိုက်တဲ့ သူရယ်လို့ မရှိသလောက် ရှားပါလိမ့်မယ်၊ တစ်ခါတစ်လေမှာ ငွေတစ်ခုတည်းကို ကြည့်လို့မရဘဲ ကိုယ့်အတွက် အခွင့်အလမ်းကောင်း ရှိတယ်ဆိုရင် ကိုယ့်ကိုကိုယ် ရင်းနှီးမြှပ်နှံနိုင်ဖို့လိုပါတယ် … ။ အရည်အချင်းတွေ ပြည့်ဝလာတဲ့ တစ်နေ့မှာ ငွေက ကိုယ့်နောက်ကို လိုက်လာမှာ သေချာပါတယ် … ။
လူငယ်တွေ မှန်ကန်တဲ့နေရာမှာ ရင်းနှီးမြှပ်နှံနိုင်ပါစေ …
မေတ္တာဖြင့်
အောင်ကိုဦး(UMK)
Be the Best !

Credit to Aung Ko U - UMK

Source => https://www.facebook.com/aungkouumk/posts/806794502780673:0 

ကျေးဇူးတင်ပါတယ်။
Be Positive!
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment