အရည်အချင်းဆိုတာ မတော်တဆ ရလာတာ မဟုတ်ပါ …



အရည်အချင်းဆိုတာ မတော်တဆ ရလာတာ မဟုတ်ပါ …
++++++++++++++++++++++++++++++++++++++++
ကျွန်တော့် သင်တန်းမှာ ခု နေ့လည်ပိုင်း စာဖတ်တန်းမှာ သင်နေတဲ့ John C. Mexwall ရဲ့ 101 Success ဆိုတဲ့ စာအုပ်ထဲမှာ ကျွန်တော် သိပ်ကြိုက်တဲ့ စကားတစ်ခုပါ ပါတယ်။ အဲဒါက Quality is never an accident. ဆိုတာပါ … ။ ဟုတ်ပါတယ် … ဘယ်အရည်အချင်းမှ မတော်တစ်ဆ ရလာတာမဟုတ်ပါဘူး။ ပါရမီပါလာတယ်ဆိုတဲ့ သူကလည်း တစ်ကယ်တော့ ရှေးဘဝမှာ ကြိမ်ဖန်များစွာ ဖြည့်ကျင့်ခဲ့ပြီးသားပါ။ မြတ်စွာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ သဗ္ဗုညုတ ရွှေဥာဏ်တော်ကို ရပြီး ဘုရားဖြစ်လာဖို့အတွက် လေးသင်္ချေ နဲ့ ကမ္ဘာ တစ်သိန်း ပါရမီ ဖြည့်ကျင့်ခဲ့ရပါတယ်။
ကျွန်တော်တို့ ဘဝမှာ ကျွမ်းကျင်ပညာရှင် အဖြစ် ရပ်တည်ဖို့အတွက် ဆိုရင် လုံလောက်တဲ့ လေ့လာ သင်ယူဆည်းပူး လေ့ကျင့်မှုလိုပါတယ် … ။ လိုချင်တာက လစာကို လေးငါးသိန်း၊ ဒေါ်လာ တစ်ထောင်၊ နှစ်ထောင် ဆိုရင်တော့ အဲဒီလို လစာမျိုးနဲ့ ထိုက်တန်တဲ့ အရည်အချင်းဖြည့်တင်း ထားဖို့လိုပါတယ်။ ဆရာဦးတင်ဇံကျော်ရဲ့ Don’t find your job, Find your career ဆိုတဲ့ ဟောပြောပွဲ မှာ ဆရာ ပြောတာာကို သွားသတိရမိတယ်။ ကုမ္ပဏီမှာ အလုပ်ခန့်ဖို့အတွက် အင်တာဗျူးမေးပါတယ်။ “သမီး လုပ်ငန်းနဲ့ ပတ်သက်လို့ ဘယ်လောက်ကျွမ်းကျင်လဲ” … နည်းနည်းပါးပါး … “ဒါဆို … သမီး အင်္ဂလိပ်စာ ရလား” အဲတော့လည်း … နည်းနည်းပါးပါး … “သမီး ကွန်ပျူတာရော …” နည်းနည်းပါးပါး … “ကဲ သမီး လစာရော ဘယ်လောက် လိုချင်လဲ” ဆိုတော့ အများကြီးပေါ့ ဆရာတဲ့ … အဲဒီလိုမျိုး နည်းနည်းပါးပါး … နည်းနည်းပါးပါး လောက်ပဲ အရည်အချင်း ရှိရင်တော့ နည်းနည်းပါးပါး လစာနဲ့ပဲ ဖြစ်နေပါလိမ့်မယ်။
ကျွန်တော်/ ကျွန်မတို့ကဖြင့် အရည်ချင်းရှိရဲ့သားနဲ့ လစာနည်းနေတယ်၊ အခြားသော ဝန်ဆောင်မှု တွေလည်း မရဘူးဆိုရင်တော့ သံယောဇဉ်တွယ်မနေပါနဲ့ … ကျွန်တော် ရေးခဲ့ဖူးတဲ့ ဖားပုံပြင်ထဲကလို အားရှိတဲ့ အချိန်မှာ ခုန်လိုက်ပါ … ခုအချိန်မှာ အများကြီး မဟုတ်သေးပေမယ့် တကယ် အရည်အချင်း ရှိတဲ့ သူကို တကယ်ထိုက်တန်တဲ့ လစာနဲ့ ခေါ်ယူနေတဲ့ ပြည်တွင်း/ ပြည်ပ ကုမ္ပဏီတွေ … အဖွဲ့အစည်းတွေ ရှိနေပါပြီ … ။
ပညာရပ်တစ်ခုနဲ့ Professional သက်မွေးဝမ်းကြောင်းပြုနိုင်တဲ့အထိ လုပ်ထားဖို့ပါတယ် … ။ ပညာရပ်တစ်ခုနဲ့ အသက်မွေးဝမ်းကြောင်းပြုဖို့ဆိုတာ သင်တန်းလေးပြေးတက် Certificate လေး စုဆောင်း ထားရုံလောက်နဲ့တော့ မရပါဘူး … ကိုယ့်ရဲ့ ပညာရပ်ကို တကယ်ကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက် ထားဖို့ လိုပါတယ် … ခက်တာက အရင်က စာစုတွေမှာလည်း ရေးခဲ့သလိုပဲ ဇွဲအားနည်းတာပါ၊ ကျွန်တော် တို့ တစ်တွေမှာ ထိုက်သင့်တဲ့ ဝီရိယတော့ ရှိကြပေမယ့် စွဲစွဲမြဲမြဲ လုပ်နိုင်တဲ့ဇွဲ အားနည်းတတ်ကြပါတယ်၊ နောက်တစ်ခုက စကတည်းက ပိုက်ဆံကို အများကြီးလိုချင်ကြတာပါ … ငွေကို မကြိုက်တဲ့ သူရယ်လို့ မရှိ သလောက် ရှားပါလိမ့်မယ် … ဒါပေမယ့် စလုပ်ကတည်းက ငွေမျက်နှာ တစ်ခုတည်းကို ကြည့်နေလို့ မရတာ တွေ အများကြီးပါ၊ တကယ့်ကို Professional တစ်ယောက်ဖြစ်လာတဲ့အခါ ထိုက်သင့်တဲ့ ဝင်ငွေက ရလာမှာ ဖြစ်သလို ပေးချင်တဲ့သူတွေလည်း အများကြီး ဖြစ်လာပါလိမ့်မယ် … ။
ကြိုးစားခဲ့တဲ့သူတိုင်း အောင်မြင်မယ်လို့ တပ်အပ်မပြောနိုင်ပေမယ့် အောင်မြင်လာသူတိုင်းတော့ ကြိုးစားခဲ့ကြပါတယ် … Quality is never an accident.
မေတ္တာဖြင့်
အောင်ကိုဦး(UMK)
Be the Best !

Credit to  Aung Ko U - UMK

ကျေးဇူးတင်ပါတယ်။
Be Positive! 
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment