အရှိကို အရှိအတိုင်း


အရှိကို အရှိအတိုင်း
ဒီစကားလေးကို လာရှိုးသိန်းအောင် ရဲ့ သီချင်းစာသားလေးက တဆင့် ရင်းနှီးခဲ့တာ ၆-တန်း၊ ၇-တန်း ကျောင်းသားဘဝလောက်ကတည်းကပါ။ ကောင်မလေးတစ်ယောက်ကို ဂုဏ်တွေ ငွေတွေ မမက်ဘဲ အရှိအတိုင်း နေဖို့ ပြောထားတဲ့ စာသားလေးတွေ ပါဝင်တဲ့ သီချင်းတစ်ပုဒ်ပါ။ ဒီသီချင်းစာသားလေးကို အရင်တုန်းက သတိထားပြီး သိပ်မစဉ်းစားဖြစ်ခဲ့ပေမယ့် ခုနေမှ ပြန်စဉ်းစားကြည့်မိတယ် …. ။ အရှိကို အရှိအတိုင်း ဆိုတာ ကိုယ့်ရဲ့ အရည်အချင်း၊ ပညာ၊ ဥစ္စာ စတာတွေ အရှိအတိုင်း ရိုးရိုးသားသား နေဖို့ ပြောချင်တာလို့ နားလည်မိပါတယ်။
ဒါပေမဲ့ ဒီနေ့ခေတ်အချိန်မှာ အရှိကို အရှိအတိုင်း ဆိုတဲ့ စကားဟာ အသုံးချတဲ့နေရာများ လွှဲနေတယ်လို့ ခံစားမိတယ်။ အထူးသဖြင့် ဝတ်စားဆင်ယင်မှုအပိုင်းမှာ ဒီစကားဟာ ကွက်တိ ဖြစ်နေမယ် ထင်တယ်။ ဒီနေ့ခေတ်မှာ ကလစ်တစ်ချက်နှိပ်ရုံနဲ့ ကမ္ဘာတစ်လွှားက အကြောင်းအရာ အချက်အလက်တွေ ကို အချိန်မဆိုင်း ရနေပါတယ် (ကွန်နက်ရှင် မကောင်းတဲ့ အချိန်က လွဲလို့ပေါ့)၊ ဒီလိုအခါမျိုးမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ သတင်း၊ အချက်အလက်၊ နည်းပညာ၊ ယဉ်ကျေးမှု စတာတွေဟာ အချိန်နဲ့ အမျှ ကူလူး ဆက်ဆံ လာနေကြပါတယ်။ ယဉ်ကျေးမှုတွေ ကူးလူးဆက်ဆံနေတာ ဒီနေ့ခေတ်မှ မဟုတ်ပါဘူး ဟိုးအရင် ကတည်းက ဆိုတာ “လူငယ် နှင့် ယဉ်ကျေးမှု” ဆိုတဲ့ ဆောင်းပါးမှာ အသေးစိတ် ရေးခဲ့ပါပြီ။
ဒီဆောင်းပါးမှာ အဓိကပြောချင်တာ ဒီနေ့ခေတ်မြန်မာ မိန်းကလေးအချို့ရဲ့ ဝတ်စားဆင်ယဉ်မှုပါ။ ခေတ်အဆက်ဆက်အလိုက် ယဉ်ကျေးမှုပုံစံများ ဆင့်ကဲပြောင်းလာတာကို လက်ခံပါတယ်။ သူ့နေရာနေသူ၊ ဒူးနေရာဒူး၊ တော်နေရာတော် ပဲ ဖြစ်သင့်ပါတယ်။ တိုင်းတပါးနိုင်ငံရဲ့ ဝတ်စားဆင်ယင်မှုတွေကို အတုယူ ဝတ်ဆင်တဲ့အခါ တိုက်ရိုက်ကူးပြောင်းရတာ ရှိသလို ကိုယ့်နိုင်ငံ၊ ကိုယ့်ရေမြေ၊ ကိုယ်ရာသီဥတုနဲ့ ကိုက်ညီအောင် ကူးပြောင်းယူရတာလည်း ရှိပါတယ်။ ဥပမာ Stocking လို့ခေါ်နေကြတဲ့ အသားနဲ့တစ်သားတည်း ဖြစ်နေတဲ့ အသားကပ် ဘောင်းဘီမျိုးကို ကိုရီးယားနိုင်ငံမှာ ဝတ်ကြတာ အဆင်ပြေပါတယ်၊ ရာသီဥတုက အရမ်းအေးတယ်လေ၊ မြန်မာနိုင်ငံလို အပူပိုင်းနိုင်ငံမျိုးမှာ ဆောင်းရာသီလိုမျိုးမှာ ဝတ်တာအဆင်ပြေနိုင် သေးပေမယ့်၊ နွေရာသီမှာ Stocking နဲ့မြင်ရတာတော့ သိပ်မသက်သာလှဘူး၊ ကျန်းမာရေးအရလည်း အဆင်မပြေပါဘူး၊ Stocking ဝတ်တဲ့အခါ ခါးရှည်အင်္ကျီ ဒါမဟုတ် ဂါဝန်တစ်ခုခုပါရင် ကြည့်ရတာ အမြင်မရိုင်းလှပါဘူး၊ ဒါပေမယ့် ခါးတိုအင်္ကျီ၊ တီရှပ် တွေနဲ့ ဝတ်တဲ့အခါတော့ အမြင်ရိုင်းလှပါတယ်။ တကယ့်ကို အရှိကိုအရှိအတိုင်းပါပဲ၊ လှည်းတန်း၊ မြေနီကုန်း၊ မြို့ထဲ တရုပ်တန်း နဲ့ ၈-မိုင်တစ်ဝိုက်ကို တစ်ခေါက်လောက် လျှောက်ကြည့်လိုက်ပါ … အရှိကိုအရှိအတိုင်း မြင်နေရတဲ့ မြန်မာအမျိုးသမီး တစ်ချို့ကို တွေ့ပါလိမ့်မယ်။
ခုနောက်ပိုင်းမှာ ဝတ်လာကြတဲ့ ဂျင်းဘောင်းဘီ အကြပ်တွေကလည်း ဂျင်းသားဆိုပေမဲ့ Stocking နဲ့ မထူးလှပါဘူး အရှိကို အရှိအတိုင်းပါပဲ။ အပြင်မထွက်ခင် ကိုယ့်ကိုယ်ကို ပြန်ကြည့်ကြည့်ပါ။ ကိုယ်ရဲ့ဝတ်စားဆင်ယင်မှုဟာ အများအမြင်မှာ တင့်တယ်ပါရဲ့လား၊ လူသားတိုင်းမှာ ကိုယ်ပိုင် လွပ်လပ်ခွင့်ရှိတာ မှန်ပါတယ်။ ဒါပေမဲ့ ကိုယ်ရဲ့အပြုအမူ၊ အပြောအဆို၊ အနေအထိုင် စတာတွေဟာ ပတ်ဝန်းကျင်ကို အနှောက်အယှက် မဖြစ်အောင်၊ မထိခိုက်အောင် လေးစားလိုက်နာရမဲ့ တာဝန်ဝတ္တရား၊ ကျင့်ဝတ်ပဲဖြစ်ပါတယ်။
ကိုရီးယားသူလေးတွေ စကတ်တိုတိုဝတ်ကြတာ လှပါတယ်။ မြန်မာမလေးတွေလည်း စကတ်တိုတိုနဲ့ လှကြပါတယ်။ ခက်တာက အနေအထိုင်မတတ်ကြတာပါ။ အခြေအနေနဲ့ အချိန်အခါ လိုက်လျောညီထွေ မဖြစ်တာပါ။ ကိုယ်ပိုင်ကားနဲ့ သွားပြီး ခဏတစ်ဖြုတ်ပဲ လမ်းလျှောက်ရတဲ့ အခါမျိုးမှာ စကတ်တိုတို ဝတ်တာ သိပ်မဆိုးလှပေမယ့် လိုင်းကားပေါ်ကို မမီတမီ တက်ရတဲ့အခါ၊ ဆိုက္ကားစီးတဲ့အခါ ၊ ခုံပုပုနဲ့ ဆိုင်လေးတွေမှာ ထိုင်ရတဲ့အခါ လုံလုံခြုံခြုံ ဖြစ်ဖို့ သိပ်မလွယ်လှပါ။ ဒါတင်မက ဘောင်းဘီရှည်တော့ ဝတ်ထားပါရဲ့ ထိုင်နေတဲ့အခါ နောက်ကမြင်ရတဲ့သူ မသင့်တော်တဲ့ ပုံစံတွေလည်း တွေ့နေရပါတယ်။ မသိတာလား၊ သိရဲ့သားနဲ့ brand ကို ကြေငြာတာလားတော့ မသိပါ။ အနေအထိုင်တတ်ရင် ဝတ်လိုက ဝတ်ကြပါ၊ အနေအထိုင်လည်း မတတ် သူများလည်း လှသလို လှချင်လို ဝတ်ကြမယ်ဆိုရင်တော့ သိပ်အဆင်ပြေမည် မဟုတ်ပါ။ အင်္ကျီတွေလည်း ထိုနည်း၎င်းပါပဲ ပါးလှစ်နေတဲ့ အဝတ်အစားကို ကျိုးတစ်ချောင်းတဲ့နဲ့ဝတ်ကြတာတွေ၊ မသေးမျှင်ဖက်ရှင် ဝတ်ဆင်ကြတာတွေ တွေ့နေရပါတယ်။ အဲဒီလို ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက် လိုင်းကားပေါ်မှာထိုင်နေတဲ့ အခါ မတ်တတ်ရပ်စီးတဲ့ ပုရိသတွေက ဘယ်လိုကြည့်ကြမှာလဲ၊ ကိုယ့်ရဲ့ လွတ်လပ်စွာဝင်စားဆင်ယဉ်မှု ဟာ ကိုယ်နေတဲ့ ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်ရဲ့လားလို့ စဉ်းစားကြည့်ကြပါ ညီမငယ်တို့ရေ … ။ ပေါင်းရင်းအထိရောက်နေတဲ့ စတက်တိုတို၊ ဘောင်းဘီတိုတို၊ အင်္ကျီပါးပါးလျားလျားတွေကို ကိုယ့်အိမ်မှာ နေတဲ့အခါ လွပ်လွပ်လပ်လပ် ပေါ့ပေါ့ပါးပါး စိတ်ကြိုတ်ဝတ်ကြပါ၊ အပြင်ထွက်တဲ့အခါတော့ ကိုယ်သွားမယ့်နေရာ၊ ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်အောင်စဉ်းစားဖို့လိုပါတယ်။ တစ်ခါတစ်လေ အမြင်မတင့်တယ်တာတွေ တွေ့ရတဲ့ အခါ မြင်မိတဲ့ ကိုယ့်မျက်လုံးကိုပဲ အပြစ်တင်ရမလား၊ ဝတ်ကြတဲ့ သူတို့ကိုပဲ အပြစ်တင်ရမလား၊ ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းကိုပဲ အပြစ်တင်ရမလား … ဘယ်နေရာမဆို ခံယူသူနဲ့သူဆိုင်တယ်လို့ စာရေးသူက ထင်ပါတယ်။
အခုလိုပြောနေတာ ခေတ်နောက်ပြန်ဆွဲပြီး ရင်ဖုန်းအင်္ကျီ၊ ထိုင်မသိမ်းနဲ့ နေရမယ်လို့ ဆိုလိုတာ မဟုတ်ပါ၊ ခေတ်မီမီ ဝတ်စားဆင်ယဉ်နိုင်ပါတယ်၊ သရုပ်မပျက်စေဖို့သာလိုပါတယ်။ ယဉ်ကျေးမှု အဆင့်အတန်းတွေ မြင့်တက်လာလို့ ကျောက်ခေတ်မှာ အဝတ်အစားမပါဘဲ နေထိုင်နေကြတာက အဝတ်အစားတွေ ဖန်တီးဝတ်ဆင်လာကြတာ၊ ဒီခေတ်ရောက်မှ အဝတ်အစားကို အရှက်လုံရင် ပြန်ဝတ်ကြမယ်ဆိုရင်တော့ ယဉ်ကျေးမှုအဆင့်အတန်း (အထူးသဖြင့် ဝတ်စားဆင်ယဉ်မှု) ဟာ မြင့်တက်လာတာလို့ပြောရမလား၊ ဆုတ်ယုတ်သွားတာလို့ ပြောရမလား၊ “တောင်းမှာ အကွပ်၊ လူမှာ အဝတ်” ဆိုတဲ့စကားအတိုင်း ကိုယ့်ရဲ့ ဝတ်စားဆင်ယဉ်မှုဟာ ကိုယ့်ရဲ့ လူနေမှုအဆင့်အတန်းကို ဖော်ပြနေပါတယ်။
ကိုယ့်ရဲ့လွပ်လပ်စွာ ဝတ်စားဆင်ယဉ်မှုဟာ ကိုယ့်ပတ်ဝန်းကျင်၊ နေရာဒေသနဲ့ လိုက်လျော ညီထွေဖြစ်ကြရဲ့လားဆိုတာ မြန်မာအမျိုးသမီးငယ်တို့ စဉ်းစား ဆင်ခြင်နိုင်ကြစေဖို့ ရည်ရွယ် ရေးသား လိုက်ပါတယ်။
ပွင့်သောပန်းတိုင်း ရနံ့မွှေးပျံ့နိုင်ကြပါစေ ….
အောင်ကိုဦး (UMK)
--------------------------------------------------------------------------
Photo : Credit to myanmarmodelphotograph.blogspot.com

Credit to Aung Ko U - UMK

Source => https://www.facebook.com/aungkouumk/posts/470489193077874:0

ကျေးဇူးတင်ပါတယ်။
Be Positive!
Share on Google Plus

About Myanmar Spirit

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment